"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Monday, January 28, 2013

'ဝိပဿနာ အကျိုး (၇)မျိုး'



ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဥာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။ (သုတ်၊ မဟာဝါ)

ဒီပါဠိတော်က သတိပဋ္ဌာန်အကျိုး(တနည်း) ဝိပဿနာအကျိုး ခုနစ်မျိုးကို ပြဆိုထားတဲ့ ပါဠိတော်များ ဖြစ်ပါတယ်။အဲဒီအကျိုးတရား(၇)ပါးက ဘာတွေလဲလို့ဆိုတော့

(၁)။ သတ္တာနံဝိသုဒ္ဓိယာ = ကိလေသာစင်စေခြင်း။

(၂)။သောကာနံ သမတိက္ကမာယ = စိုးရိမ်ပူဆွေးရတဲ့ သောကတွေမှ လွန်မြောက်စေခြင်း။

(၃)။ ပရိဒေဝါနံသမတိက္ကမာယ = ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှ လွန်မြောက်စေခြင်း။

(၄)။ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ= ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။

(၅)။ ဒုက္ခဒေါမနဿာနံအတ္ထင်္ဂမာယ = စိတ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။

(၆)။ဥာယဿ အဓိဂမာယ = မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုရရှိစေခြင်း။

(၇)။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ = နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း။
ဆိုတဲ့ အကျိုးတရား(၇)မျိုးဖြစ် ပါတယ်။

(၁)။ သတ္တာနံ ဝိသုဒ္ဓိယာ = သတ္တဝါတို့အား ကိလေသာမှစင်ကြယ်စေခြင်းဆိုတဲ့ အချက်မှာ ဝိပဿနာ တရားအားထုတ်နေတဲ့အချိန်ကို ပြန်ပြီးကြည့်လိုက်ပါ။ တရားရှုမှတ်နေခိုက်မှာ လောဘ၊ ဒေါသ ၊ မောဟ စတဲ့ ကိလေသာတွေစင်ကြယ်နေတာကိုတွေ့နိုင်ပါတယ်။ တရားရှုမှတ်နေခိုက်မှာ ခန္ဓာကိုယ်ရဲ့ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမရ အလိုမလိုက် အနှစ်သာရမရှိတဲ့ သဘောတွေကို မြင်တွေ့ နေရတော့ လိုချင်မှုလောဘကိလေသာတွေ၊ မကျေနပ်တဲ့ဒေါသ ကိလေသာတွေ၊ မိုက်မဲတွေဝေမှုဆိုတဲ့ မောဟ ကိလေသာတွေကင်းစင်နေတာကို ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ဒါက တရားရှုမှတ်ခိုက် မှာ ခဏတာ ကိလေသာတွေစင်ကြယ်နေခြင်းဖြစ်ပါတယ်။ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ အပြီးအပိုင် ရသွားပြီဆိုရင်တော့ ဆိုင်ရာကိလေသာများလည်း အပြီးအပိုင်ကင်းစင်းသွားမှာပါ။ ဒါကြောင့် ဝိပဿနာ (တနည်း) သတိပဋ္ဌာန်တရားရှုမှတ်ခြင်းဖြင့် ကိလေသာများစင်ကြယ်ခြင်းဆိုတဲ့ အကျိုးတရားကို ရနိုင်ပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

(၂)။သောကာနံ သမတိက္ကမာယ = စိုးရိမ်ပူဆွေးရတဲ့သောကတရားတို့မှလွန်မြောက်ခြင်း

အားလုံးသောပုဂ္ဂိုလ်များအနေနဲ့ သားရေး သမီးရေး စီးပွားရေး အိမ်ထောင်ရေး စတဲ့ အရေးကိစ္စတွေကြောင့် စိုးရိမ်ပူဆွေးမှုဆိုတဲ့ သောကတရားတွေ အနည်းနဲ့ အများဆိုသလို ရှိနေတတ်ကြပါတယ်။ အဲဒီသောက တရားတွေဖြစ်လာတဲ့အခါ မဖြစ်အောင် ငြိမ်းပျောက်အောင် ပယ်ဖျောက်ပေးနိုင်တာ ဒီဝိပဿနာအလုပ်ပဲရှိ ပါတယ်။ ဝိပဿနာအလုပ်တရားကို ပွားများအားထုတ်ထားရင် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်တဲ့ သောက တရားတွေကို ပယ်ဖျောက်နိုင်ပါတယ်။ သောကတရားရဲ့ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။

(၃)။ ပရိဒေဝါနံ သမတိက္ကမာယ = ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှလွတ်မြောက်စေနိုင်ခြင်း။

သားဆိုးသမီးဆိုးများကြောင့် ငိုကြွေးပင်ပန်းရခြင်း၊ ဥာတိဗျသနဘေးဆိုတဲ့ ဆွေမျိုးတွေ သေကြေပျက်စီးလို့ ငိုကြွေးမြည်တမ်းပင်ပန်းရခြင်း၊
ဘောဂဗျသနဘေးဆိုတဲ့ စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်းကြောင့် ငိုကြွေးမြည်တမ်းပင်ပန်းရခြင်းဆိုတဲ့ အဆိုးတရားများ လူတိုင်းကိုယ်စီရှိနေကြပါလိမ့်မယ်။ အဲဒီတရားတွေ ဖြစ်လာတဲ့အခါ ထိုတရားတွေမှ လွန်မြောက်စေနိုင်တာ ဝိပဿနာအလုပ်ပဲဖြစ်ပါတယ်။ ဝိပဿနာအလုပ်ကို လုပ်ထားတဲ့သူများဟာ ထိုတရားများကြုံတွေ့လာခဲ့ရင်လည်း ထိုတရားတို့အပေါ်မှာ မှန်ကန်စွာနှလုံးသွင်း တတ်တာကြောင့် ထိုတရားတွေမှ လွန်မြောက်နိုင်စေပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။

(၄)။ဒုက္ခဒေါမနဿာနံ သမတိက္ကမာယ = ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။

ဘေးအန္တရာယ်အမျိုးမျိုးကြောင့်လည်းကောင်း၊ အနာရောဂါများကြောင့်လည်းကောင်း ကိုယ်ဆင်းရဲမှုများကို လည်း လူတိုင်းလူတိုင်းကြုံတွေ့နေကြရပါတယ်။ ထိုထိုသော ကိုယ်ဆင်းရဲမှုများကိုလည်း ဝိပဿနာတရား က လွန်မြောက်နိုင်ပါတယ်။ တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ကင်ဆာရောဂါ သွေးတိုးရောဂါခံစားနေရသူများ တရားအားထုတ်လိုက်တာ ရောဂါများပျောက်ကင်းသွားတယ်လို့ ဖတ်ဖူး မှတ်ဖူးကြမယ်လို့ထင်ပါတယ်။ ကုသလို့မပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာရှင်များ နောက်ဆုံးအဆင့်အနေနဲ့ တရားအားထုတ်လိုက်လို့ ရောဂါများသက်သာပျောက်ကင်းပြီး ကျန်းမာချမ်းစွာနဲ့ အသက်ရှင်နေလျက်ရှိပါတယ်ဆိုတဲ့ သတင်းများကို လည်းကြားဖူးပါလိမ့်မယ်။ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ဝိပဿနာတရား သတိပဋ္ဌာန်တရားဟာ ထိုထိုသော ကိုယ်ဆင်းရဲမှုဆိုတဲ့ ကာယိကဒုက္ခမှလည်းလွန်မြောက်စေနိုင်ပါတယ်။

(၅)။ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ = ဒီအချက်က စိတ်ဆင်းရဲမှုမှလွန်မြောက်ခြင်း။ ဆိုပြီး စိတ်ဆင်းရဲမှု စေတသိကဒုက္ခကိုယူရပါတယ်။ဆိုလိုတာက တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်မသက်သာမှု စိတ်ဆင်းရဲမှုများ လူတိုင်းလိုလိုကြုံတွေ့နေရတာရှိပါတယ်။ ထိုသို့သော စိတ်ဆင်းရဲမှုများမှလည်း ဝိပဿနာ တရားကလွန်မြောက်နိုင်တယ်လို့ ဟောတော်မူခြင်းဖြစ်ပါတယ်။

(၆)။ ဥာယဿ အဓိဂမာယ= မဂ်ဥာဏ် ဖိုလ်ဥာဏ်များကိုရနိုင်ခြင်း။

ဝိပဿနာ သတိပဋ္ဌာန်တရားပွားများမှုရဲ့ အမြတ်ဆုံး အထွက်အထိပ်အကျိုးပါပဲ။ သတိပဋ္ဌာန်အလုပ် ဝိပဿာနာအလုပ်ဟာ ဘာဖြစ်အောင် အားထုတ်တာလဲဆိုတော့ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတွေရရှိအောင် အားထုတ်ကြတာပါ။ထိုမဂ်ချမ်းသာ ဖိုလ်ချမ်းသာများရရှိအောင် ဝိပဿနာအလုပ်ကိုလုပ်ပါမှရနိုင်ခြင်းဖြစ်ပါ တယ်။ ဝိပဿနာအလုပ်ကို လုပ်မယ်ဆိုရင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာများကိုရရှိနိုင်တယ်လို့ဆိုလိုခြင်းဖြစ် ပါတယ်။

(၇)။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ= နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်း။

ဒါကနောက်ဆုံးအကျိုးတရားဖြစ်ပါတယ်။ နိဗ္ဗာန်ချမ်းသာဆိုတာ ဗုဒ္ဓဘာသာတိုင်းလိုလားတောင့်တနေတဲ့ အရာပဲ။ နိဗ္ဗာန်ကိုမျက်မှောက်ပြုရင် ဒုက္ခအားလုံးမှ လွတ်ငြိမ်းသွားပါပြီ။ ထိုနိဗ္ဗာန်ချမ်းသာကိုရစေနိုင် ရောက်စေနိုင်တာကတော့ ဝိပဿနာအလုပ်တစ်ခုပဲရှိပါတယ်။ ကျန်သော ဒါန သီလ သမထကုသိုလ်များ က အထောက်အပံ့ပေးနိုင်ရုံသာ ပေးနိုင်တာပါ။ နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိုင်ပါဘူး။ နိဗ္ဗာန်သွားရာလမ်း ကြောင်းမှာလည်း ဒါန သီလ သမထ ကုသိုလ်များရှိရပါမယ်။ တိုက်ရိုက်မပို့ဆောင်နိုင်ပေမယ့် ရောက်အောင် ရအောင် အထောက်အပံ့လောက်တော့ပေးနိုင်ပါတယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တဲ့ ကုသိုလ်ဟာ ဝိပဿနာကုသိုလ်ပဲဖြစ်ပါတယ်။ ဒါကြောင့်အားလုံးသော ပုဂ္ဂိုလ်များလည်း ဝိပဿနာအလုပ် ကို အားထုတ်ရင်း ကိလေသာများစင်ကြယ်ပြီး နောက်ဆုံး နိဗ္ဗာန်ထိတက်လှမ်းနိုင်ပါစေ

စာဖတ်သူအားလုံး သက်ရှည်ကျမ်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

 " ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ"

မူရင်းလင့်-https://www.facebook.com/photo.php?fbid=10200207343773414&set=a.2384905549170.2141000.1446704677&type=1&theater

စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးပါ (ဖားအောက်ဆရာတော်ကြီး)


ဤသို့ ဆင်ခြင်လျက် မိမိတို့၏ စိတ်ဓာတ်ကို မိမိတို့ကိုယ်တိုင် ပြုပြင်ပြောင်းလဲပေးပါ။
၁။ နိယမိတ --- ''ငါသည် ကုသိုလ်ကိုသာ ပြုလုပ်ရမည်''ဟု သမထဝိပဿနာစသည် ထိုထို ကုသိုလ်ကို ပြုလုပ်ခြင်း၌ မိမိ၏ စိတ်ကို အမြဲသတ်မှတ်ထားပါ။
၂။ ပရိဏာမိတ --- လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ စသည့် အကုသိုလ်တရားဆိုးတို့ ဖြစ်ပေါ်လာခြင်းမှ စိတ်ကို ဆုတ်နစ်စေလျက် သမထ ဝိပဿနာစသည့် ကုသိုလ်တို့ကို ပြုလုပ်ခြင်း၌ သာလျှင် မိမိ၏ စိတ်ကို အမြဲတမ်း ညွတ်ကိုင်းရှိုင်းထားပါ။
၃။ သမုဒါစာရ --- ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသော ကုသိုလ်တရားတို့ကို အမြဲမပြတ် ပြုလုပ် ခြင်းဖြင့် ကုသိုလ်တရားတို့၌သာလျှင် မိမိ၏စိတ်ကို အလေ့အကျင့်များအောင် ပြုလုပ်ပေးပါ။
၎။ အာဘုဇိတ ---
(က) သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သည့် ပတိရူပဒေသအရပ်၌သာ နေထိုင်ပါ။
( ခ ) သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ပါ။
( ဂ ) သူတော်ကောင်းတရားကို နာကြားပါ။
(ဃ) အရိယမဂ်၏ ရှေ့အဖို့၌ ဖြည့်ကျင့်ရမည့် ငါးပါးသီလမှစ၍ ကျင့်ဝတ် ပဋိပတ်ဟူသမျှကို ဖြည့်ကျင့်ပါ။
( င ) အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိကြကုန်သော ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသုဘဟု တွင်တွင်ကြီး ရှုနေပါ။ နှလုံးသွင်းနေပါ။ ဤသို့ နှလုံးသွင်းနေပါက မည်သည့် ဣဋ္ဌာရုံနှင့်ပင် တွေ့ကြုံရသည်ဖြစ်စေ၊ မည်သည့် အနိဋ္ဌာရုံနှင့်ပင် တွေ့ကြုံရသည် ဖြစ်စေ တုန်လှုပ်မှု မရှိဘဲ ကုသိုလ်သာ အမြဲတမ်း ဖြစ်နေ တော့မည် ဖြစ်ပေသည်။

ဤသို့လျှင် မိမိ၏ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲ၍ ပေးပါ။ ဤသို့ ပြုပြင်ပြောင်းလဲပေးပါက အသင် သူတော်ကောင်း၏ စိတ်ဓာတ်သည် တဖြည်းဖြည်း ဖြူစင်သန့်ရှင်းလာမည်သာ ဖြစ်ပေသည်။ တစ်စ တစ်စ ဖြူစင်သန့်ရှင်းလာသော ထိုစိတ်ဓာတ်က အသင်သူတော်ကောင်း၏ ဘဝကို တစ်ဘဝထက် တစ်ဘဝ တစ်ဆင့် ထက်တစ်ဆင့် မြင့်သထက်မြင့် မြတ်သထက်မြတ် နတ်ထက်နတ် ဗြဟ္မာထက်ဗြဟ္မာ ဖြစ်အောင် မြှင့်တင်ပေး မည်သာ ဖြစ်ပေသည်။ အကယ်၍ အသင်သူတော်ကောင်း၏ စိတ်ဓာတ်သည် အရဟတ္တမဂ်ရေစင်ဖြင့် ဖြူစင် အောင် အပြီးတိုင် ဆေးကြောသုတ်သင်နိုင်သော အဆင့်သို့ ရောက်ရှိသွားသဖြင့် စိတ်ဓာတ်သည် လုံးလုံးကြီး သန့်ရှင်းဖြူစင်သွားပါက သံသရာဝဋ်ဒုက္ခ မီးပုံကြီးလည်း အပြီးတိုင် အငြိမ်းကြီး ငြိမ်းသွားပြီးသာ ဖြစ်ပေသည်။

အကယ်၍ ထိုကဲ့သို့ စိတ်ဓာတ်ကို မြင့်မားအောင် မြှင့်တင်မပေးဘဲ မိမွေးတိုင်း ဖမွေးတိုင်း ဗိုလ်နေမြဲ ကျားနေမြဲအတိုင်းသာ မိမိတို့၏ စိတ်ကို လွှတ်ထားလိုက်ပါက, လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ အစရှိသော တရားဆိုးတို့ကို ဖြစ်မြဲတိုင်းသာ ဖြစ်နေစေပါက မိမိတို့၏ စိတ်ဓာတ်များသည် ဖြူစင် သန့်ရှင်းမလာဘဲ ညစ်နွမ်းမြဲသာ ညစ်နွမ်းနေမည် ဖြစ်၏။ ထိုညစ်နွမ်းနေသော စိတ်ဓာတ်ကို အချိန်မီ နှိပ်ကွပ် မပေးပါက စိတ်အစဉ်တွင် ထကြွသောင်းကျန်းနေသည့် ပရိယုဋ္ဌာနကိလေသာ အဆင့်တွင် ရပ်တည်မနေတော့ဘဲ တွယ်တာမက်မောမှုတွေက, သို့မဟုတ် မကျေနပ်ချက်တွေက အားကောင်းလာသဖြင့် ပေါက်ကွဲလာသည့်အခါ ပြောမှား ဆိုမှား ပြုမှားတတ်သည့် ဝီတိက္ကမကိလေသာ အဆင့်သို့အထိ ရောက်ရှိသွားနိုင်၏။ သီလများလည်း ကျိုးပေါက်သွားကြပြီ ဖြစ်၏။ မစင်ကြယ်သော သီလ၌ ရပ်တည်၍ ပြုလုပ်နေသော အသင်သူတော်ကောင်း၏ ဒါန စသော ကောင်းမှုကုသိုလ်တို့သည်လည်း အလွန်အဆင့်အတန်း နိမ့်ကျသွားသော ကောင်းမှုတို့သာ ဖြစ်ကြ ပေတော့အံ့။ သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ ပြုစုပျိုးထောင်ထားအပ်သော ဒါန၏ စွမ်းအားကား ဤသို့ရှိ၏။

ဒါနဥှိ လောကေ သက္ကသမ္ပတ္တိံ ဒေတိ မာရသမ္ပတ္တိံ ဗြဟ္မသမ္ပတ္တိံ စက္ကဝတ္တိသမ္ပတ္တိံ သာဝကပါရမီဉာဏံ ပစ္စေကဗောဓိဉာဏံ အဘိသမ္ဗောဓိဉာဏံ ဒေတိ။ (အံ၊ဋ္ဌ၊၃၊၂၁၃။)
= လောက၌ ဒါနသည် သိကြားနတ်မင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်းနိုင်၏၊ မာရ်မင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်းနိုင်၏၊ ဗြဟ္မာမင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်းနိုင်၏၊ စကြဝတေးမင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်း နိုင်၏၊ သာဝကပါရမီဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏၊ ပစ္စေကဗောဓိဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏၊ အဘိသမ္ဗောဓိ ဉာဏ် = သဗ္ဗညုတဉာဏ် အထွဋ်တပ်ထားသော အရဟတ္တမဂ်ဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏။ (အံ၊ဋ္ဌ၊၃၊၂၁၃။)

သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ ကြဲချစိုက်ပျိုးလိုက်သော ဒါနသည် ဒါနရှင်ဘက်က လူမင်း စည်းစိမ် နတ်မင်းစည်းစိမ် ဗြဟ္မာမင်းစည်းစိမ် စကြဝတေးမင်းစည်းစိမ်တို့ကို လိုလားတောင့်တခဲ့လျှင်လည်း ထိုဒါနစေတနာက ယင်းစည်းစိမ် အရပ်ရပ်တို့ကို ပေးနိုင်သော စွမ်းအား အပြည့်အဝ ရှိသည်သာ ဖြစ်၏။ တစ် ချိန် ယင်းဒါနကံက အကျိုးပေးဖို့ရန် အခါအခွင့်သင့်၍ ရင့်ကျက်လာပါက ထိုအလှူရှင်သည် ထိုအကျိုးတရား တို့ကို ရရှိမည်သာ ဖြစ်သည်။ အကယ်၍ အလှူရှင်က အဂ္ဂသာဝကဗောဓိဉာဏ် မဟာသာဝကဗောဓိဉာဏ် ပကတိသာဝကဗောဓိဉာဏ် ဟူသော ဗောဓိဉာဏ်တစ်ခုခုကို လိုလားတောင့်တခဲ့လျှင် ရရှိနိုင်သည်သာ ဖြစ်၏၊ အကယ်၍ ပစ္စေကဗောဓိဉာဏ်ကို လိုလားတောင့်တခဲ့လျှင် ထိုဒါနက ပစ္စေကဗောဓိဉာဏ်ကို ရသည်တိုင်အောင် ကျေးဇူးပြုပေးမည်သာ ဖြစ်၏၊ အကယ်၍ သုမေဓာရှင်ရသေ့တို့ကဲ့သို့ ဝေဿန္တရာမင်းကြီးတို့ကဲ့သို့ သဗ္ဗညုတ ဉာဏ် = သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကို လိုလားတောင့်တခဲ့လျှင်လည်း ထိုဒါနက သဗ္ဗညုတဉာဏ် = သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကိုလည်း ရရှိအောင် ကျေးဇူးပြုပေးနိုင်သည်သာ ဖြစ်သည်။ ပါရမီ (၁ဝ)ပါး တို့တွင် ဒါနသည်လည်း ပါရမီ အစိတ်အပိုင်းတစ်ခု အဖြစ်ဖြင့် ပါဝင်လျက်ပင် ရှိ၏။ ဒါန၏ စွမ်းအားကား ကြီး မားလှ၏။

တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။ ဒါနူပပတ္တိသုတ်။)

ဤမျှ စွမ်းအားကြီးမားလှသော ဒါနက ထိုသို့ အဆင့်အတန်း အလွန်မြင့်မားသော အကျိုးတို့ကို ပေးနိုင် ခြင်း ဖြစ်စေနိုင်ခြင်းဟူသော ထိုသဘောတရားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အားသာလျှင် ငါဘုရား ဟောကြားတော်မူ၏၊ သီလမရှိသော ပုဂ္ဂိုလ်အား ရနိုင်၏ဟု ငါဘုရား မဟောကြားပေ။ ရဟန်းတို့ ...သီလရှိသော ပုဂ္ဂိုလ်အား သီလစင်ကြယ်နေသည့် အတွက်ကြောင့် စိတ်ဓာတ် ဖြူစင်သန့်ရှင်းနေသည့် အတွက်ကြောင့် စိတ်၏ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံတတ်ပေ၏။ (အံ၊၃၊၇၁။)
နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲမှ

မူရင်းလင့်-https://www.facebook.com/photo.php?fbid=482344771808390&set=a.161753450534192.29668.100000986152668&type=1&theater

Saturday, January 19, 2013

ထေရဝါဒ ဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်



ထေရဝါဒဗုဒ္ဓသာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်
ပြုရေးပင် ဖြစ်ပါ၏။လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင် ဖြစ်၏။ထို့
ကြောင့်လည်း စလင်းကန်လယ်ဆရာတော်ဘုရားကြီးက-

အိုလူသားတို့ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ဘာ ဝမ်းနည်းစရာရှိသလဲ၊ ယခုအခါ ဓမ္မက္ခန္ဓာ
ဘုရားတွေ အများကြီးရှိသေး၏။ ကံ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီး
နစ်နာကြလိမ့်မည်။ စာမတတ်လို့ ဘာမတတ်လို့လဲ မလုပ်ကြပါနှင့်၊ ဆရားကောင်းနှင့် တွေ့လျှင် ရနိုင်ပါ
သည်။သို့အတွက် အို လူများတို့၊ ယခုအခါ ကံပါရမီကိုမေးရန် မလိုပါ။ ရှင်ဘုရင့်သားဖြစ်ပီး အိမ်ရှေ့မင်း
သားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို။

မုတ်ဆိတ်ပျားဆွဲသူသည် တခြားသွားပြီးပျားဖွတ်ရန်မလို၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်
ကနဲ့ မထွက်သော်။ ကံပါရမီချဖွယ်မလို၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျက်မဆေးသော် ရေ၌အပြစ်
ဆိုဖွယ်ရာမလို၊ မိမိကသာဖျင်းလို့၊ အလို့၊ နလို့ ဖြစ်သည်။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်း
တော့၏။ ကြောက်ကြ ၊ လန့်ကြ၊ ထိတ်ကြ။ အိုလူများတို့၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့။

ဟူ၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရကြောင်းလမ်းဖြစ်သည့်ဝိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီးတိုက်
တွန်းတော်မူခဲ့ပါသည်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသောလူ့ဘဝမှ အနှစ်သာရထုတ်
ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘဝတန်ဖိုး၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏တန်ဖိုးတို့ကို သိရန်လိုအပ်ပါသည်။

Tuesday, January 15, 2013

ဝေဒနာ နုပဿနာ တရားတော်ကြီး ပထမပိုင်း (၂) (မဟာစည်ဆရာတ်ေဘုရားကြီး)


"အာရုံကောင်းများ ခံစားတတ်သည်
စိတ်အဖော်များ ရွှင်ပွားစေသည်
ကိုယ်စိတ်ထဲမှာ ကောင်လှထင်သည်
ချမ်းသာမှု မှတ်ရှုမြတ်ယောဂီ" တဲ့။

ဒီဆောင်ပုဒ်ထဲမှာ "အာရုံကောင်းများ ခံစားတတ်သည်" ဆိုတာဟာ အာရုံကောင်းတွေ ခံစားပြီး ကောင်းနေတာဟာ သုခဝေဒနာ ရဲ့ သဘောလက္ခဏာပဲ ။ အဲဒါကို ယောဂီဟာ ရှုမှတ်ရင်း သိသိသွားရမယ်လို့ ဆိုလိုတယ်။ "စိတ်အဖော်များ ရွှင်ပွားစေသည်" ဆိုတာကတော့ စိတ်စေတသိက်ဆိုတဲ့ ဝေဒနာနဲ့ အဖော်တွေကို ရွှင်လန်းတိုးတက် စေတာဟာ သုခဝေဒနာရဲ့ စွမ်းရည်သတ္တိ ရသတဲ့။ အဲဒါကိုလည်း ရှုမှတ်ရင်းသိသိသွားရမယ် လို့ ဆိုလိုတယ်။ "ကိုယ့်စိတ်ထဲက ကောင်းလှထင်သည်" ဆိုတာကတော့ ကိုယ်ထဲစိတ်ထဲမှာ "ကောင်းလိုက်တာ ကောင်းလိုက်တာ"လို့ ထင်ရတာ ကလေးတွေ သုခဝေဒနာရဲ့ အခြင်းအရာ အခြေအနေ ပစ္စုပဋ္ဌာန်ပဲ၊ အဲဒါကိုလည်း ရှုမှတ်ရင်း သိသိသွားရမယ်လို့ ဆိုလိုပါတယ်။

"ချမ်းသာမှု မှတ်ရှု မြတ်ယောဂီ "ဆိုတာကတော့ ချမ်းသာမှု သုခဝေဒနာ ဖြစ်တိုင်း ရှုမှတ်ပြီး ယခုပြောခဲ့တဲ့ "လက္ခဏာ"နဲ့ ဖြစ်ဖြစ်၊ "ရသ "နဲ့ ဖြစ်ဖြစ် " ၊ "ပစ္စုပဋ္ဌာန် "နဲ့ဖြစ်ဖြစ် သိသိသွားရမယ်လို့ ဆိုလိုတယ်။

ဒါကြောင့်-
"အာရုံကောင်းများ ခံစားတတ်သည်
စိတ်အဖော်များ ရွှင်ပွားစေသည်
ကိုယ်စိတ်ထဲမှာ ကောင်းလှထင်သည်
ချမ်းသာမှု မှတ်ရှုမြတ်ယောဂီ"

ဆိုတဲ့ ဆောင်ပုဒ် ကလေး ကိုလည်း အရ ကျက်မှတ် ထားကြရမယ်။ ကိုယ်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ချမ်းသာမှု ကလေးကို ဖြစ်ဆဲမှာသာ စူးစိုက်ပြီး ရှုမှတ်ကြည့်ပါ။ ယခုပြောခဲ့တဲ့ အတိုင်း "လက္ခဏာ နဲ့ရော၊ ရသနဲ့ရော ပစ္စုပ္ပဋ္ဌာန်နဲ့ရော" သိနိုင်ပါတယ်။

ဒီလို "လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်" နဲ့ သိတယ်ဆိုရင် ကောင်းတဲ့ အာရုံတွေရလို့ ကောင်းကောင်း သွားတယ်ဆိုတဲ့ သူ့အကြောင်း "ပဒဋ္ဌာန်" ကိုလဲ သိသွားတော့ တာပါပဲ။ ဒီနေရာမှာ သုခဝေဒနာ ထက် ဒုက္ခဝေဒနာက သာပြီး ထင်ရှားသေးတယ်။ အဲဒီ ဒုက္ခဝေဒနာ ထင်ရှားပုံကိုတော့ ဒုက္ခဝေဒနာ ရှုပုံအပိုင်းကျမှ ဟောရမယ်။

ယခုပြောခဲ့တဲ့ သုခဝေဒနာ ကို ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်ပြီး သဘောမှန်ကို သိရင် အဲဒီ ချမ်းသာမှုလေးရဲ့ အစပေါ်လာမှုဖြစ်မှု ကိုလည်း ထင်ရှား သိတော့တာပဲ။ ကုန်ဆုံးပျောက်ကွယ် သွားတာကိုလည်း ထင်ရှားသိတော့တာပဲ။ ဒီတော့ ချမ်းသာမှု ကလေးတွေကို တစ်ခုစီ တစ်ပိုင်းစီ တစ်ပိုင်းစီ ခွဲခြားပြီး သိနိုင်တယ်။ ဒါကြောင့် အလျင်တုန်းက တစ်ယောက်တည်း ရယ်လို့ ထင်ရတဲ့ သန္တတိ ပညတ်ဟာ ယခု သူ့အလိုလို ပျက်သွားပါရော။

ဒီလို သန္တတိပညတ် ပျက်သွားတော့ "ဖြစ်ပေါ်ပြီး ပျက်ပျက်သွားလို့ မမြဲဘူး"ဆိုတဲ့ အနိစ္စ လက္ခဏာဟာလည်း သူ့အလိုလိုပဲ ထင်ရှားပေါ်လာပါတယ်။

ပြီးတော့" ဖြစ်လိုက်ပျက်လိုက်နဲ့ ဖြစ်မှု ပျက်မှုက မပြတ် နှိပ်စက်နေလို့ ဘာမှ အားမကိုးလောက်ဘူး။ ဆင်းရဲပဲ " ဆိုတဲ့ ဒုက္ခ လက္ခဏာဟာလည်း သူ့အလိုလိုပဲ ထင်ရှားပေါ်လာပါတယ်။

ပြီးတော့ "ကိုယ့်အလိုအတိုင်း မဖြစ်ဘဲ သူ့သဘော အတိုင်းချည်း ဖြစ်ပျက်နေလို့ အစိုးမရဘူး၊ ငါကောင်မဟုတ်ဘူး " ဆိုတဲ့ အနတ္တ လက္ခဏာလည်း သူ့အလိုလို ထင်ရှားပေါ်လာပါတယ်။

ဒီလို ထင်ရှား ပေါ်လာတဲ့အတွက် ယောဂီဟာ သုခဝေဒနာ ကို ရှုမိတိုင်းရှုမိတိုင်း "ခံစားတတ်တဲ့ ငါကောင်မရှိဘူး။ ကောင်းစားချမ်းသာနေတဲ့ ငါကောင်မရှိဘူး။ အာရုံကောင်းကလေးတွေနဲ့ တွေ့တွေ့ပြီး အသစ်အသစ် ဆင့်ကာဆင့်ကာ မပြတ်ဖြစ်နေတဲ့ ခံစားမှု အပေါင်းမျှသာ ရှိတယ်" လို့လည်း ရှင်းရှင်းကြီး သဘောကျကျသွားပါတယ်။

ဒါကြောင့် "ကောဝေဒယတိ-ဘယ်သူခံစားတာလဲ၊ ခံစားတတ်တဲ့ အတ္တကောင်ရှိသလား" ဆိုတဲ့ ဟောဒီ ပထမ မေးခွန်းကိုလည်း ပြေလည်အောင် သိသွားပါတယ်။

ပြီးတော့ "ခံစားမှုရဲ့ ပိုင်ရှင် အတ္တကောင်ရယ်လို့ မရှိဘူး။ ခံစားမှုမျှ ရှိတာပဲ " လို့ အသိရှင်းနေတဲ့ အတွက် "ကဿဝေဒနာ- ဘယ်သူရဲ့ ခံစားမှုလဲ၊ ခံစားမှုရဲ့ ပိုင်ရှင် အတ္တကောင်ရှိသလား" ဆိုတဲ့ ဟောဒီ ဒုတိယ မေးခွန်းကိုလည်း ပြေလည်အောင် သိသွားပါတယ်။

ပြီးတော့ "အာရုံကောင်း ကလေးတွေနဲ့ တွေ့တွေ့ပြီး ချမ်းသာမှု ကောင်းစားမှု အသစ်အသစ် ဖြစ်နေရုံမျှပဲ"လို့ အသိရှင်း နေတဲ့ အတွက် "ကိံကာရုဏာ ဝေဒနာ ဘယ်အကြောင်းကြောင့် ခံစားမှု ဖြစ်သလဲ " ဆိုတဲ့ ဟောဒီ တတိယ မေးခွန်းကိုလည်း ပြေလည်အောင် အသိရှင်းနေပါတယ်။

ယခုပြောတဲ့ အတိုင်း မေးခွန်း(၃) ချက် အရ ပြေလည်အောင် အသိရှင်းနေတာကို သမ္ပဇာနဥာဏ် လို့ခေါ်တယ်။ အသမ္မောဟသမ္ပဇဉ် ဆိုတာလည်း ဒီဥာဏ်ပါပဲ။ ကိုယ်ထဲ စိတ်ထဲမှာ မပြတ်ဖြစ်နေတဲ့ ခံစားမှုတွေကို စူးစိုက်ပြီး မပြတ်မှတ်နေရင် အသမ္မောဟသမ္ပဇဉ် ခေါ်တဲ့ အသိဥာဏ် ဖြစ်ပေါ်လာတာကို ကိုယ်တိုင်ပဲ တွေ့ရပါတယ်။

ဒီလို အသိဥာဏ်ကတော့ ခံစားမှု ဟူသမျှကို "သဘောတရားမျှ" အနေနဲ့လည်း သိနေတယ်။ "အနိစ္စ၊ ဒုက္ခ၊ အနတ္တ" လို့လည်း ရှင်းလင်းစွာ သိနေတယ်။

ဒီနေရာမှာ သိ ဆိုတာက တကယ့်ကို သိတာပဲ။ စဉ်းစားဆင်ခြင်ပြီး ယုံကြည်ရုံမျှ သဘောကျရုံမျှကို သိတယ်လို့ မဆိုလိုပါဘူး။

ဒီလို တကယ်သိ နေတဲ့ အတွက် ခံစားမှုကို ငါကောင်လို့ ထင်မြင်စွဲလန်းခဲ့တဲ့ အယူမှားကိုလည်း ပယ်ဖျောက်နိုင်တယ်။ "ပယ်ဖျောက်" ဆိုတာ ကတော့ အလင်းရောင် ပေါ်လာတော့ အမှောင်ပျောက် သွားတာမျိုးပဲ၊ "အမှန်အတိုင်း သိလိုက်တာနဲ့ မူလကရှိနေတဲ့ အသိမှာ အထင်မှားတွေ အလိုလို ပျောက်သွားတာ"ကိုပဲ ဆိုလိုပါတယ်။

ဒါကြောင့် ရှုမှတ်ပြီး သိနေတဲ့ ယောဂီရဲ့ ဒီသမ္ပဇဉ်အသိ ဟာ ကမ္မဋ္ဌာန်းလည်း ဖြစ်ပါတယ်။ ဒီလိုအသိကိုပဲ ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ချမ်းသာရင် "ချမ်းသာတယ် ချမ်းသာတယ်" လို့ ရှုမှတ်ပြီး သိဖို့ ဟောတော်မူတာပါပဲတဲ့။

အဲ ယခုပြောခဲ့တာဟာ အဋ္ဌကထာဆရာရဲ့ ဖြေရှင်းချက်ပါပဲ။ ကဲ ရှင်းကြရဲ့ မဟုတ်လား။ မရှင်းသေးရင်လည်း ကိုယ်တိုင်သာ အားထုတ် ကြည့်ကြပေတော့။ အားထုတ်ကြည့်လို့ ကိုယ်တိုင်တွေ့တဲ့ အခါကျတော့ အဲဒီ ကိုယ်တိုင်တွေ့ အသိယုံမှားတွေဝေမှု ကို ရှင်းလင်း သုတ်သင်သွား ပါလိမ့်မယ်။

ဟော- အချိန်က ကုန်သွားပြီ။ ဟောစရာတွေ ကတော့ အများကြီးပဲ ကျန်သေးတယ်။ ယခုဟောခဲ့တဲ့ ဝေဒနာ ၉-ပါးရှိတဲ့ အနက်က သုခဝေဒနာ လောက်သာ ပြီးခဲ့သေးတယ် ဝေဒနာ ရှစ်ပါးတောင် ကျန်သေးတယ်။ ဒီလိုကျန်နေတာတွေကိုတော့ နောင်အခွင့်သာတဲ့ အခါကျမှ ဆက်ပြီး ဟောရတော့မှာပဲ။ ယခုတော့ ဒီဝေဒနာ နုပဿနာ တရားတော်ကို ပထမပိုင်း အဖြစ်နဲ့ ဒီတင်ပဲ အဆုံးသတ်ကြစို့။

ယခုပြောခဲ့တဲ့ နည်းအမြွက်နှင့် အညီ ဝေဒနာနုပဿနာ လုပ်ငန်းစဉ်ကို မှန်ကန်စွာ အားထုတ်နိုင်ကြ၍ ဆင်းရဲ ခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန် တရားတော်မြတ်ကို မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

ဝေဒနာနုပဿနာတရားတော် ပထမပိုင်းပြီး၏။

ဝေဒနာနုပဿနာတရားတော်ကြီး ပထမပိုင်း (မဟာစည်ဆရာတော်ဘုရားကြီး)


ဝေဒနာနုပဿနာတရားတော်ကြီး ပထမပိုင်း မဟာစည်ဆရာတော် (၁၃၁၃ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ည အသံလွှင့်ဟောကြားသည်)
ဒီကနေ့ ဟောမည့် တရားတော်ကတော့ ဝေဒနာနုပဿနာ တရားတော်ကြီးဖြစ်တယ်။ ကိုယ်ထဲစိတ်ထဲက ခံစားမှု အမျိုးမျိုးတွေကို ရှုပြီး အသိဥာဏ်ထူးဖြစ်ပေါ်ပုံကို ဟောမည့် တရားတော်ကြီးလို့ ဆိုလိုတယ်။
ခံစားမှု ဝေဒနာဆိုတာ သုံးမျိုးရှိတယ်။ အာရုံကောင်းတွေနဲ့ တွေ့တွေ့ပြီး ကိုယ်ထဲ စိတ်ထဲမှာ ကောင်းကောင်း သွားတာကို "သုခဝေဒနာ" လို့ ခေါ်တယ်။ အာရုံဆိုးတွေနဲ့ တွေ့တွေ့ပြီး ကိုယ်ထဲ စိတ်ထဲမှာ အနေဆိုး အခံခက်သွားတာကို

"ဒုက္ခဝေဒနာ" လို့ ခေါ်တယ်။ မဆိုးမကောင်း အလယ်အလတ် နေသာရုံဖြစ်နေတာကိုတော့ "ဥပက္ခောဝေဒနာ" လို့ ခေါ်တယ်။
ဒီဝေဒနာဟာ နာမ်တရားထဲမှာဆိုရင် အထူးထင်ရှားတဲ့ တရားတစ်မျိုးပဲ။ ပြီးတော့ သူ့ကို အမှန်အတိုင်း သိဖို့လဲ အလွန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လောကမှ သတ္တ၀ါတွေက ဒီခံစားမှုကလေးကို အမှန်အတိုင်း မသိကြတဲ့ အတွက် အလွန် အထင်ကြီး နေကြတယ်။
ဒီခံစားမှုကိုပဲ "သတ္တ၀ါကောင်" လို့ ထင်နေကြတယ်။ "ဧရာမချမ်းသာကြီး " လို့ပဲ ထင်နေကြတယ်။ ကောင်းစား ချမ်းသာမှု ကလေးတွေ ဖြစ်နေတဲ့ အခါမှာဆိုရင် "ငါကောင်းနေတယ်။ ငါချမ်းသာနေတယ်" လို့ ဒီလိုထင်နေကြတယ်။ ဆင်းရဲမှုကလေးတွေ ဖြစ်နေတဲ့ အခါမှာလဲ "ငါဆင်းရဲနေတယ်"လို့ ဒီလိုထင်နေကြပြန်တယ်။
ဒီလို ထင်နေကြတဲ့ အတွက် "ငါကောင်းစားချမ်းသာရအောင် ငါနဲ့ စပ်တဲ့ သူကလေးတွေ ကောင်းစား ချမ်းသာရအောင်" ဒီလိုရည်ရွယ်ပြီး အမျိုးမျိုး ရှာကြံ အားထုတ် နေကြရတယ်။ အိပ်ရာ နိုးကတည်းကစပြီး တစ်နေလုံး တစ်ညလုံး အချိန်နာရီရှိတိုင်း "ငါချမ်းသာဖို့ ငါနဲ့စပ်တဲ့လူတွေ ချမ်းသာဖို့" ကြံစည်အားထုတ် နေကြရတယ်။ ဒီလိုအားထုတ်ပေမဲ့ အားထုတ်တိုင်းလည်း ချမ်းသာတာတော့ မဟုတ်ပါဘူး။ ကိုယ်ထင်ကြေးနဲ့ မကိုက်ဘဲ ဆင်းရဲဒုက္ခရောက်နေကြတာတွေ အများကြီးပါပဲ။ ဒါကြောင့် သတ္တ၀ါတွေဟာ တလှုပ်လှုပ်တရွရွနဲ့ ဒုက္ခတွေရောက်နေကြတာပဲ။
အပါယ်လေးပါးကို ကျရတာလဲ ဒီခံစားမှုကို အမှန်အတိုင်းမသိလို့ပဲ။ ဘ၀အသစ် အသစ်တွေဖြစ်ပြီး အိုရ၊ နာရ၊ သေရ၊ စိုးရိမ်ပူဆွေးရ ငိုကြွေးရဆိုတဲ့ ဒီလိုဘေးဆိုး ဒုက္ခဆိုးကြီးတွေနဲ့ ရင်ဆိုင်တွေ့နေကြရတာတွေလဲ တခြားကြောင့် မဟုတ်ပါဘူး။ မရှုမမှတ်လို့ပါပဲ။

ဒါကြောင့် ဒီခံစားမှုကို အမှန်အတိုင်း သိအောင် ရှုမှတ်ဖို့ရာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီလိုအရေးကြီးတဲ့ အတွက်ပဲ မြတ်စွာဘုရားက ဒီဝေဒနာနုပဿာနာ ကို သုတ်ပေါင်းများစွာမှာ အကြိမ်ကြိမ် အထပ်ထပ် ဟောထားခဲ့တယ်။ မဟာသတိပဋ္ဌာနသုတ် မှာဆိုရင် ဒီဝေဒနာ ၉ မျိုးခွဲခြားပြီး ဟောကြားခဲ့တယ်။ ခွဲခြားပုံကတော့ သုခ၊ ဒုက္ခ၊ ဥပေက္ခာလို့ ဒီလိုသာမန်ဝေဒနာက သုံးမျိုး၊ သာမိသ သုခ၊ သာမိသ ဒုက္ခ၊ သာမိသ ဥပေက္ခာ လို့ ဒီလိုသာမိသ ဝေဒနာက သုံးမျိုး နိရာမိသ သုခ၊ နိရာမိသ ဒုက္ခ၊ နိရာမိသ ဥပေက္ခာလို့ ဒီလို နိရာမိသ ဝေဒနာသုံးမျိုး ဒီလိုသုံးမျိုးသုံးလီ ၉ မျိုးခွဲခြားပြီး ဟောထားတယ်။ ဒီလို၉ မျိုးထဲမှာ ပထမဆုံး သုခဝေဒနာ ရှုပုံကို ဒီလို ဟောထားတယ်။

"သုခံဝါ ဝေဒနံ ဝေဒယမာနော- ချမ်းသာတဲ့ ခံစားမှကို ခံစားလျှင်လဲ၊ သုခံဝေဒနံ ဝေဒယာ မီတိ- ချမ်းသာတဲ့ ခံစားမှုကို ခံစားရသည်ဟု ပဇာနာတိ- သိ၏" တဲ့။

ကိုယ်ထဲမှာ စိတ်ထဲမှာ ချမ်းသာမှုဖြစ်ပေါ်ရင်လဲ အဲဒီချမ်းသာမှုကို စူးစိုက်ပြီး ချမ်းသာတယ်၊ ချမ်းသာတယ်လို့ ဒီလိုရှုမှတ်ပြီး သိရမယ်တဲ့။ ချမ်းသာတယ်ဆိုတဲ့ စကားကတော့ စာသုံးစကားပဲ။ အရပ်သုံးစကားဆိုရင်တော့ ကိုယ်ထဲက ချမ်းသာမှုကို နေသာတယ်လို့လဲ ခေါ်ရတယ်။ စိတ်ထဲက ချမ်းသာမှုကိုတော့ ၀မ်းသာတယ်၊ ပျော်ရွှင်တယ် စသည်ဖြင့်လဲ ခေါ်ရပါတယ်။ အများအားဖြင့်ဆိုရင်တော့ အဲဒီချမ်းသာ ၂ မျိုးလုံးကို ကောင်းတယ်လို့ပဲ ခေါ်ဝေါ် ပြောဆိုလေ့ ရှိကြပါတယ်။ ဒါကြောင့် အဲဒီချမ်းသာမှုကို ကိုယ်ခေါ်နေကျအတိုင်း နေသာတယ် နေသာတယ်လို့လဲ ရှုမှတ်နိုင်ပါတယ်။ ၀မ်းသာတယ် ၀မ်းသာတယ် စသည်ဖြင့်လဲ ရှုမှတ်နိုင်ပါတယ်။ ကောင်းတယ် ကောင်းတယ်လို့လဲ ရှုမှတ်နိုင်ပါတယ်။
ယခုပြောခဲ့တဲ့ အတိုင်း ချမ်းသာမှုကို စူးစိုက်ပြီး ရှုမှတ်နေရင် အဲဒီချမ်းသာမှု သုခဝေဒနာကို သဘော အမှန်အတိုင်း သိတယ်။ အဲဒီလို သုခဝေဒနာရဲ့ သဘောအမှန်ကို သိတာဟာ ဝေဒနာနုပဿနာ ပါပဲ။ ဒီနေရာမှာ သဘောအမှန်ကို သိတယ် ဆိုတာက "လောကီသုခသဟဂုတ်စိတ် ၃၁ မှာရှိတဲ့ ဝေဒနာကို သုခဝေဒနာ ခေါ်တယ် "လို့ ဒီလို သုတမယ ဥာဏ်လောက်နဲ့ မှန်းဆဆင်ခြင်ပြီး သိတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး။
ကိုယ်သန္တန်မှာ တကယ်ဖြစ်ပေါ်နေတဲ့ ခံစားမှုကလေးကို ရှုမှတ်ပြီးတော့ သေသေချာချာ သိသိသွားတာကို ဆိုလိုတယ်။ ဒါကြောင့် သတိပဋ္ဌာနသုတ် ပါဠိတော်မှာ "ဝေဒယမာနော - ခံစားနေတုန်း သိရမယ်" လို့ ဆိုထားတာပေါ့။ ဒီလိုတကယ်ဖြစ်နေတဲ့ ခံစားမှုကို လက်နဲ့ ကိုင်ကြည့်သလို သေသေချာချာ သိနေရင် ကျမ်းဂန်အဆိုတွေ စာညွှန်းတွေနဲ့ ထပ်ပြီး ဆင်ခြင်နေဖို့ မလိုတော့ပါဘူး။ ဥပမာ ဆင်ကောင်ကြီးကိုလဲ သေသေချာချာ တွေ့မြင်နေတဲ့ လူမှာ ဆင်ရုပ်ရေးကြည့်ဖို့ မလိုတော့သလိုပါပဲ။

သို့ပေမဲ့ မသိနားမလည်သေးတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီလိုမေးစရာရှိတယ်။ ဘယ်လိုလဲဆိုတော့ "ချမ်းသာရင် ချမ်းသာတယ် လို့သိတာ ကောင်းရင် ကောင်းတယ်လို့ သိတာဟာ လူတိုင်း လူတိုင်း သိနေတာမျိုးပဲ မဟုတ်လား၊ လူကြီးတွေတင် မကသေးဘူး။ နို့စို့ ကလေးသူငယ်များ တောင်မှ ဒီလိုပဲ သိနေကြမယ် မဟုတ်လား၊ ဒီတော့ ရှုမှတ်ပြီးသိတာနဲ့ မရှုမှတ်ဘဲ အလိုလိုသိနေတာဟာ အတူတူပဲ မဟုတ်ပေဘူးလား" လို့ ဒီလိုမေးစရာရှိတယ်။
မေးဆိုတာကတော့ မသိနားမလည်တဲ့လူတွေရဲ့ လုပ်ငန်းစဉ်ပဲ။ မသိမေး မစင်ဆေးဆိုတဲ့ လောက ပရိယာယ် ဘာသာစကား အတိုင်းပဲ မသိရင်တော့ မေးကြပေလိမ့်မယ်။ ဒီလိုမေးတော့ သိတဲ့ ပုဂ္ဂိုလ်က ဖြေရှင်းရုံ ရှိတာကိုး။ ဒါကြောင့် ဒီနေရာမှာ ဘုရားရှင်ရဲ့ ရည်ရွယ်ချက်တို့ကိုလဲ အဋ္ဌကထာဆရာက ဖြေရှင်းထားပါတယ်။ ဟော သူပြောဆိုပုံကို ယခု နားထောင်ကြရမယ်။

အဋ္ဌကထာဆရာ၏ ဖြေရှင်းချက်
လူကြီးတွေတွင် မကဘူး၊ နို့စို့ကလေးသူငယ်များတောင်မှ ချမ်းသာတယ် ကောင်းတယ်လို့ သိကြတာကတော့ မှန်ပါတယ်တဲ့၊ သို့ပေမဲ့ မရှုမမှတ်ရဘဲ အလိုလိုသိနေတာနဲ့ ရှုမှတ်ပြီး သိတာကတော့ မတူပါဘူးတဲ့။ ပြောင်းပြန်ကို ထူးခြားနေပါတယ်တဲ့။ ထူးခြားပုံကတော့ ရှုမှတ်မှု မရှိတဲ့ လူတွေဆိုတာဟာ လူကြီးပဲဖြစ်ဖြစ် ကလေးပဲဖြစ်ဖြစ် သိပုံချင်း အတူတူပါပဲ။ လူကြီးက ပိုပြီးထူးထူးခြားခြား သိတယ်လို့ ဂုဏ်မယူနိုင်ပါဘူး။ အဲ သူတို့ အကုန်လုံးဟာ နိစ္စ သုခ အတ္တ အနေနဲ့ချည်း သိနေကြတာပါပဲ။
သူတို့ရဲ့သိပုံကို စစ်ဆေးပြရလျှင် ရှုမှတ်မှုကင်းတဲ့ သူတွေဟာ ချမ်းသာကို သိတယ်ဆိုပေမဲ့ အဲဒီချမ်းသာမှုကို ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်းလဲ သိကြတာမဟုတ်ပါဘူး။ အများအားဖြင့် ဆိုရင် နေ့ရော ဥာဥ့်ပါ အခါခပ်သိမ်း တခြားတစ်ပါးတွေကို ကြံစည်စဉ်းစားရင်း အချိန်ကုန်နေတာကသာ များကြပါတယ်။ တစ်ခါတစ်ရံလောက်ပဲ သိနိုင်ကြပါတယ်။ ဒီလိုသိပြန်တော့လဲ ခံစားမှု သဘောတရားအနေနဲ့ မသိကြ မထင်ကြပါဘူး။ "ငါချမ်းသာနေတယ်၊ ငါကောင်းနေတယ်" လို့ ဒီလိုအတ္တကောင် အနေနဲ့သာ ထင်မြင်စွဲလမ်းနေကြပါတယ်။

ပြီးတော့ အသစ်အသစ် ဖြစ်ဖြစ်ပြီး တစ်ခဏချင်း ပျက်ပျက်သွားတဲ့ အနေ မမြဲတဲ့ အနေနဲ့ လဲ မသိကြ မထင်ကြပါဘူး။ "အလျင်က ရှိနေတဲ့ ငါကပဲ ယခု ချမ်းသာကောင်းစားနေတယ်"လို့ ဒီလို မြဲတဲ့ အနေနဲ့သာ ထင်မြင်စွဲလန်းနေကြတယ်။ ဒီတော့ ဒီလိုအသိဟာ အတ္တကောင် ငါကောင်လို့ ထင်နေတဲ့ မူလက အသိအစွဲနဲ့ အတူတူပဲ မဟုတ်လား။
အတူတူဖြစ်တဲ့ အတွက် အတ္တကောင် ငါကောင်လို့ ထင်နေတဲ့ မူလက အသိအစွဲကို မပယ်နိုင်တဲ့ပြင် သူက ထပ်ပြီးတော့တောင် ထောက်ခံချက်ပေးနေပါသေးတယ်။ ဒါကြောင့် ရှုမှတ်ခြင်း မရှိဘဲနဲ့ အလိုလိုသိနေတယ် ဆိုတဲ့ ဒီလိုအလေ့ပေါက် အသိမျိုးဟာ "ကမ္မဋ္ဌာန်းလဲ မဖြစ်ဘူး၊ သတိပဋ္ဌာန်ဘာဝနာလဲ မဖြစ်ဘူး။ ဒီလိုအသိမျိုးကို မြတ်စွာဘုရားက ရည်လဲမရည်ရွယ်ပါဘူး "တဲ့။

အနို့ ဒါဖြင့် ဘယ်လိုအသိကို ရည်ရွယ်ပါသလဲဆိုတော့ ကိုယ်ထဲစိတ်ထဲ မှာ ဖြစ်ပေါ်လာတဲ့ ချမ်းသာမှု ကောင်းစားမှုကလေးတွေကို ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း စူးစူးစိုက်စိုက် မပြတ်ရှုမှတ်သိနေတဲ့ ယောဂီရဲ့ အသိကိုသာ ရည်ရွယ်ပါတယ်တဲ့။
တည့်တည့် ပြောရရင် ကိုယ်ထဲ စိတ်ထဲ ချမ်းသာမှုကလေးတွေ ဖြစ်နေတဲ့ အခါမှာ ချမ်းသာတယ်ထင်ရင်လဲ "ချမ်းသာတယ် ချမ်းသာတယ်" လို့ မှတ်ရမယ်၊ ၀မ်းသာတယ် ထင်ရင်လဲ "၀မ်းသာတယ် ၀မ်းသာတယ်"လို့ မှတ်ရမယ်။ ကောင်းတယ် ထင်ရင်လဲ "ကောင်းတယ် ကောင်းတယ်" လို့ မှတ်ရမယ်၊ ဒီလိုမှတ်ပြီး ချမ်းသာမှုရဲ့ သဘောမှန်ကို သိရမယ်လို့ ဆိုလိုပါတယ်.။
သဘောမှန်ကို သိတယ်ဆိုတာလဲ သဘာဝလက္ခဏာနဲ့သိတာရယ်၊ ရသနဲ့သိတာရယ် ပစ္စုပဋ္ဌာန်နဲ့ သိတာရယ် ပဒဋ္ဌာန်နဲ့ သိတာရယ် ပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေနဲ့ သိတာရယ် ဒီလိုသိတာကို ဆိုလိုပါတယ်တဲ့။

Monday, January 14, 2013

ဝေဒနာသုံးမျိုးလုံးကိုတွေ့ကြုံရှုသိအပ်ပုံ (မဟာစည်ဆရာတော်ဘုရားကြီး)


သူ့အခိုက်နဲ့သူ
 ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို ရှုတဲ့ ပုဂ္ဂိုလ်ဟာ ယခုပြောခဲ့တဲ့ အတိုင်း တစ်ခါတစ်ရံမှာ ကိုယ်ထဲက အထူးကောင်းတဲ့ ခံစားမှုကို ထင်ရှားတွေ့ပြီး မှတ်သိနေရမယ်။ တစ်ခါတစ်ရံမှာ ကိုယ်ထဲစိတ်ထဲက အနေဆိုး အခံခက်နေတဲ့ ခံစားမှုကို ထင်ရှားတွေ့ပြီး မှတ်သိနေရမယ်။ တစ်ခါတစ်ရံ ကိုယ်ထဲစိတ်ထဲက မကောင်းမဆိုး ရိုးရိုးအသိစိတ်များကို ထင်ရှားတွေ့ပြီး မှတ်သိနေရမယ်။ ဒီလိုဝေဒနာ သုံးမျိုးလုံးကို သူ့အခိုက်နဲ့သူ အပြည့်အစုံတွေ့ပြီး သိရတယ်။

 
စဉ်းစားစရာကောင်းတယ် 
 အချို့ ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်း ရှုတဲ့ ပုဂ္ဂိုလ်တွေ ပြောကြတာကတော့ "စပြီးရှုလိုက်ကတည်းက တရားပြီးဆုံးသည့် တိုင်အောင် မခံသာသည့် ဝေဒနာချည်း အပြင်းအထန် တွေ့ရတယ်" ဆိုပဲ။ အဲဒါကတော့ စဉ်းစားစရာကောင်းတယ်.။ ဘာကြောင့်လဲ ဆိုရင် တရားအားမထုတ်မီ ကလဲ ကိုယ်ထဲမှာ ရံခါသုခ၊ ရံခါ ဒုက္ခ၊ ရံခါဥပေက္ခာ ဒီလိုဝေဒနာ သုံးမျိုးလုံး အကြောင်း အားလျော်စွာ အပြည့်အစုံပဲ ဖြစ်နေတယ်မဟုတ်လား။ ဒီတော့ အားထုတ်နေတဲ့ အခါလဲ ဒီဝေဒနာ သုံးမျိုးလုံး အပြည့်အစုံ ဖြစ်နေတယ်ဆိုတာ ထင်ရှားပါတယ် ဒီလိုဖြစ်နေတော့ သုံးမျိုးလုံးကိုပဲ အပြည့်အစုံ သိစရာ ကောင်းတယ်။ သို့ ဖြစ်ပါလျက် အခံခက်တဲ့ ဒုက္ခဝေဒနာ တစ်မျိုးတည်းသာ တွေ့ရတယ် ဆိုတာဟာ ဘာကြောင့်လဲလို့ စဉ်းစားစရာ ကောင်းတယ်.။

 
ဝေဒနာတိုင်း အခံရမခက် 
ဒါကတော့ "၀ိပဿနာဥာဏ်ရဲ့ အရာမို့ ဝေဒနာသုံးမျိုးလုံး ဒုက္ခချည်း ထင်နေပါတယ်"လို့ ဒီလိုအချို့ အဖြေပေးကောင်း ပေးလိမ့်မယ် ထင်တယ်။ ဒီလိုဖြေရုံနဲ့တော့ မပြေသေးပေဘူး။ ဘာကြောင့်လည်း ဆိုရင် ၀ိပဿနာဥာဏ်နဲ့ ဒုက္ခလက္ခဏာ ထင်တယ်ဆိုတာက အခံခက်တဲ့ သဘောကိုချည်း တွေ့လိမ့်မယ် လို့ ဒီလိုဆိုလိုတာမှ မဟုတ်ဘဲကပဲ။ အမှန်ကတော့ ဖြစ်မှုပျက်မှုက မပြတ် နှိပ်စက်နေလို့ ကြောက်စရာ ကောင်းတဲ့ သင်္ခါရဒုက္ခဆင်းရဲ ထင်တာကိုသာ ဆိုလိုတာပဲ။ ဒါကြောင့် ဝေဒနာသံယုတ် ပါဠိတော်မှာ "တံခေါပနေတံ ဘိက္ခု မယာ သင်္ခါရာနံယေ၀ အနိစ္စတံ သန္ဒာယ ဘာသိတံ ယံကိဉ္စိ ဝေဒယိတံ တံဒုက္ခသ္မိန္တိ" လို့ ဟောထားတယ်။

"ဘိက္ခု-ရဟန်း၊ ယံကိဉ္စိ ဝေဒယိတံ တံ ဒုက္ခသ္မိံ တိ-ခံစားမှုဟူသမျှ ဆင်းရဲဒုက္ခချည်းသာ ဟူသော၊ တံ ဧတံ-ထိုစကားကို မယာ-ငါသည်၊သင်္ခါရာနံယေ၀ အနိစ္စတံ သန္ဒာယ-သင်္ခါရတရားတို့၏ မမြဲခြင်းသဘောကိုသာ ရည်ရွယ်၍ ဘာသိတံ ဟောထားသော စကားပေတည်း"-တဲ့။

အဓိပ္ပါယ်ကတော့ "ဝေဒနာဟူသမျှကို ဆင်းရဲချည်းပဲလို့ ဟောထားတဲ့ စကားဟာ ရှိပါတယ်. ဒါပေမဲ့ အဲဒီ စကားဟာ သင်္ခါရ တရားတွေ မမြဲတဲ့ အတွက် ကြောက်စရာကောင်းတာ ကိုသာ ရည်ပြီးဟောထားတဲ့ စကားပါ" တဲ့။ ဝေဒနာတိုင်း ခံရခက်တာချည်းပဲ လို့ ဒီလိုဆိုတာတော့ မဟုတ်ပါဘူးတဲ့။ ဒါကြောင့် ၀ိပဿနာဥာဏ်မို့ ဝေဒနာ သုံးပါးလုံး ဒုက္ခထင်တာလို့ ဖြေတာဟာ မလုံလောက်သေးဘူး လို့ မှတ်ရမယ်။

 
ချမ်းသာတဲ့ ဒဏ်ချက်တွေ 
အမှန်အားဖြင့်ဆိုရင် ဝေဒနာသုံးပါးရှိတဲ့ အနက် သုခဝေဒနာကို ၀ိပရိဏာမဒုက္ခ အနေနဲ့သာ ထင်ရတယ်။ ဘယ်လိုလဲ ဆိုရင် ကိုယ်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကောင်းစားချမ်းသာမှု ကလေးတွေဟာ သူတို့ ရှိနေတုန်းတော့ ကိုယ်အလိုအတိုင်းပြည့်လို့ တပြုံးပြုံးတရွှင်ရွှင်နဲ့ ကောင်းနေတာပါပဲ။ ဒါကြောင့် သူတို့ကို ဌိတိသုခ လို့ခေါ်တယ်။ ရှိနေတုန်း ချမ်းသာတဲ့ တရားလို့ ဆိုလိုတယ်။ ဒါပေမဲ့ သူတို့ မရှိတဲ့ အခါကျတော့ သူတို့ရှိနေတုန်းက ချမ်းသာခဲ့ရတာ လောက်မကပဲ အကြီးအကျယ် ဆင်းရဲရတတ်တယ်။

ပုံစံထုတ်ကြည့်ကြစို့။ ယခု လောကမှာ ပစ္စည်းဥစ္စာ ပေါများချမ်းသာတဲ့ လူတွေဟာ ရှိသမျှ ပစ္စည်းတွေ အကုန်ပျက်သွားရင် ဘယ်လိုနေကြမလဲ။ သားချစ်ကလေးရှိတဲ့ မိခင်မှာ အဲဒီ သားချစ်ကလေး ပျက်စီးသွားရင် ဘယ်လိုနေမလဲ။ တစ်ဦးနဲ့ တစ်ဦး အင်မတန်ချစ်မြတ်နိုးနေကြတဲ့ အိမ်ထောင်သည်များမှာ မခွဲချင်ဘဲ ကွဲသွားကြမယ်ဆိုရင် ဘယ်လိုနေကြမလဲ။ ပြည့်စုံကောင်းစားတုန်းက ချမ်းသာရတာထက် ပိုပြီးတော့ ဆင်းရဲ ပင်ပန်းကြရမယ် မဟုတ်လား။

အဲဒီလို ဆင်းရဲရတာတွေဟာ ယခင် ချမ်းသာခဲ့တဲ့ ဒဏ်ချက်တွေပဲ။ ဒါကြောင့် သူ့ကို ဌိတိသုခ ၀ိပရိဏာမ ဒုက္ခလို့ခေါ်တယ်။ သူရှိနေတုန်းသာ ချမ်းသာခွင့်ပေးပြီး သူမရှိတဲ့ အခါကျတော့ မနေတတ်၊ မထိုင်တတ် ဖြစ်အောင် ဆင်းရဲစေတတ်တဲ့ တရားလို့ ဆိုလိုတယ်။

တစ်နည်းအားဖြင့် မက်မောစရာတွေကို ပြပြီး ဖမ်းစားတတ်တဲ့ ဥစ္စာစောင့်များ ဘီလူးများနဲ့လည်း တူတယ်။ လောကီချမ်းသာသုခ ဆိုရင် ဒါမျိုးချည်းပဲ။


မှန်စွာသိမြင်သောသူ ဒါကြောင့် ဒီချမ်းသာကို ကြောက်စရာကောင်းတဲ့ တရားပဲလို့ သိမြင်ရမယ်တဲ့။ ဒီလို သိမြင်ရတာဟာ သုခဝေဒနာ ကို အမှန်အတိုင်း မြင်တာပါပဲ။

ဒါကြောင့် "ယော- အကြင်ယောဂီသည်၊ သုခံ -ချမ်းသာမှုသုခဝေဒနာကို ၊ဒုက္ခတော- ၀ိပရိဏာမ ဒုက္ခဟူ၍ ၀ါ- သူကွယ်ပျောက်သွားသော အခါ မနေသာအောင် လွန်စွာဆင်းရဲ ပင်ပန်းစေတတ်သော ကြောင့် ကြောက်စရာ တရားဆိုးဟူ၍ အဒ္ဒက္ခိ- သိမြင်ပြီး၊ သ-သော- တိုသို့ သိမြင်သော ယောဂီသည် ၊ သမ္မဒ္ဒသော- မှန်ကန်စွာ သိမြင်သူပေတည်း"လို့ သံယုတ်ပါဠိမှာ ဟောထားတယ်။

မဟာစည်ဆရာတော်- ဝေဒနာနုပဿနာတရားတော် ဒုတိယပိုင်း စာမျက်နှာ ၉-၁၀

မဟာစည်ဆရာတော်ဘုရားကြီး၏ထေရုပတ္တိ

 ရှင်သာမဏေဘဝ

မဟာစည်ဆရာတော် အလောင်းအလျာ ဖြစ်သူကို ၁၂၆၆-ခုနှစ်၊ ဒုတိယ ၀ါဆိုလပြည့်ကျော် (၃) ရက် ၂၉-၇-၁၉၀၄ ခု သောကြာနေ့ နံနက် (၃) နာရီခန့်အချိန်၌ ရွှေဘိုမြို့ အနောက်ဘက် ခုနစ်မိုင်ကွာ ဆိပ်ခွန်ရွာ၊ ခမည်းတော် ဦးကန်တော်၊ မယ်တော် ဒေါ်အုတ်တို့မှ ဖွားမြင်တော်မူပါသည်။

ခြောက်နှစ်သား အရွယ်တွင် ဆိပ်ခွန်ရွာတောင်ဘက် ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး အရှင်အာဒိစ္စ မထေရ်မြတ် အထံ၌ တပည့်ခံလျက် မြန်မာစာရေးစာဖတ် ပညာကို ဆည်းပူးခဲ့ပါသည်။ ၁၂-နှစ်သား အရွယ်တွင် မိဘနှစ်ပါးတို့က ရပ်ရွာထုံးစံအရ ရှင်ပြုမင်္ဂလာ အခမ်းအနားပြု၍ အရှင်အာဒိစ္စ မထေရ်ထံ၌ပင် ရှင်သာမဏေပြုလျက် ချီးမြှောက်ခဲ့ပါသည်။ ဥပဇ္ဈာယ် ဆရာတော် အရှင်အာဒိစ္စ မထေရ်မြတ်က သာမဏေငယ်၏ ဉာဏ်ပညာ အရည်အချင်းကို ချင့်ချိန်၍ ရှင်သောဘနဟု ဘွဲ့အမည် ပေးတော်မူခဲ့ပါသည်။

ဥပဇ္ဈာယ်ဆရာတော် အရှင် အာဒိစ္စမထေရ်သည် ပါဠိစာပေ အခြေခံဖြစ်စေရန် ဇာတ်ကြီးဆယ်ဘွဲ့ကို သင်စေရာတွင် ဉာဏ်ပညာ ထက်မြက်ခြင်းကို အကြောင်းပြု၍ မဟော်သဓာ ပါဠိအနက်ကို အထူးမကျက်ရတော့ဘဲ ဆရာ့အထံ၌ သင်ယူရင်းပင် နှုတ်တက် အာဂုံရလျက် ရှိခဲ့ပါသည်။ ထို့အပြင် ၀ိနည်းပါဠိတော်ကို အနက်ဖော် သင်ယူရာ၌လည်း သင်ယူရင်းပင် ထိုပါဠိတော်ကို အာဂုံနှုတ်တက် ရခဲ့ပါသည်။

၁၆-နှစ် အရွယ်တွင် ရှင်သောဘနသည် ဆရာမရှိဘဲ ဂဏန်းသချာင်္ စာအုပ်များကိုသာ ကြည့်၍ ဂဏန်းသချာင်္ကို တတ်မြောက်အောင် လေ့လာခဲ့ပါသည်။ ယင်း ဂဏန်းသချာင်္ကို တတ်မြောက်ခဲ့သောကြောင့် နောင်ကာလ ဆန်းကျမ်းကို သင်ယူစဉ် ပတ္ထရာဖြန့်နည်း (အတန့်ပျောက် ရှာနည်း) စသည်တို့ကို လွယ်ကူစွာဖြင့် သဘောပေါက်ခဲ့ ပါသည်။

၁၉-နှစ်အရွယ်တွင် ဆိပ်ခွန်ရွာ သူကြီးကျောင်း ဆရာတော် အရှင်ပရမ မထေရ်မြတ်ထံ၌ နျာသကျမ်း၊ မူလဋီကာကျမ်း စသော ကျမ်းကြီးများကို ဆိုဝါဖြင့် သင်ယူခဲ့ပါသည်။ ထိုကျမ်းတို့ကို သင်ယူသောအခါ စာအတူတက်ဖက် ရဟန်းတော်များက “နိဿယကို ကြည့်ထားသလား” ဟု မေးယူရလောက်အောင်ပင် မြင်ပင် မမြင်ဖူးခဲ့ပါ။ ထို့အပြင် ရှင်သောဘနသည် သာမဏေ ဘ၀ကပင် အခြား သာမဏေများအား သဒ္ဒါ သင်္ဂြိုဟ်စသော ကျမ်းများကို ပို့ချပေးနိုင်ခဲ့ပါသည်။

ရဟန်းဘဝ
၁၂၈၅-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် (၄)ရက် (၂၆-၁၁-၂၀၀၉) ခုနှစ်၊ ဗုဒ္ဓဟူးနေ့ နံနက် (၈)နာရီခွဲ အချိန်တွင် ဦးလေးဖြစ်သူ ဦးအောင်ဘော်၊ ဒေါ်သစ်တို့၏ ပစ္စယာ နုဂ္ဂဟနှင့် ဥပဇ္ဈာယ် ဆရာတော် ထန်းစဉ်ရွာ သုမေဓာကျောင်း အရှင်နိမလမထေရ် အနုသာသကနှင့် ပထမ ကမ္မ၀ါဆရာတော် သူကြီးကျောင်းအရှင် ပရမမထေရ် စသော ဥပသမ္ပဒကံဆောင် သံဃာတော်တို့၏ ဓမ္မာနုဂ္ဂဟတို့ကို ခံယူလျက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။

ရဟန်း ဖြစ်ပြီးနောက် အရှင်သောဘနသည် ပရိယတ် စာပေများကို သင်ယူ ပို့ချနေရင်းပင် ပဋိပတ်ကို လိုလားသဖြင့် ရုက္ခမူဓုတင်၊ နိသဇ်ဓုတင်၊ ပဏ္ဍိပါတ်ဓုတင်များကို လေးလပတ်လုံး ဆောက်တည်ကျင့်သုံး နေခဲ့ပါသည်။

၁၂၈၆-ခုနှစ်တွင် အစိုးရ ပထမပြန်စာမေးပွဲ ပထမငယ်တန်း၌ ၀င်ရောက် ဖြေဆိုရာ အလွယ်တကူပင် အောင်မြင်ခဲ့ပါသည်။ ၁၂၈၂-ခုနှစ်တွင် ခရီးထွက်နေရသဖြင့် စာမေးပွဲ မ၀င်ခဲ့ရပါ။ ၁၂၈၈-ခုနှစ်၌ ပထမလတ်တန်းကို လည်းကောင်း၊ ၁၂၈၉-ခုနှစ်တွင် ပထမကြီးတန်းကို လည်းကောင်း ၀င်ရောက် ဖြေဆို၍ ချောမောစွာ အောင်မြင်တော် မူခဲ့ပါသည်။ ထိုနှစ်က ဆိပ်ခွန်ရွာ၌ ကျင်းပသော ၀ိနည်း အာဂုံပြန်ပွဲ၌လည်း ၀ိနည်းငယ် လေးစောင်ကို ပြန်ဆို၍ အမြင့်ဆုံး အောင်မြင်တော် မူခဲ့ပါသည်။

၁၂၉၀-ပြည့်နှစ်၌ မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် ဖွားတော်ကျောင်းတွင် သီတင်းသုံးတော် မူလျက် ထိုခေတ်က ပရိယတ်စာပေအရာ၌ အကျော်အမော်ချည်း ဖြစ်တော်မူကြသော ချမ်းသာကြီးဆရာတော် ဦးလက္ခဏ၊ ခင်မကန်တိုက် တိုက်သစ်ဆရာတော် ဦးဣန္ဒ၀ံသာဘိဝံသ စသော ဆရာတော်များထံ၌ စာပေကျမ်းဂန် ဗဟုသုတများကို ဆက်လက်ဆည်းပူး လေ့လာခဲ့ပါသည်။ ထိုသို့ ဆည်းပူးလေ့လာနေစဉ် မော်လမြိုင်မြို့ တောင်ဝိုင်းကလေး ကျောင်းတိုက်မှ ဆရာတော်ဘုရားကြီး အရှင်အာဒိစ္စ မထေရ်မြတ်က ဖိတ်ခေါ်တော် မူသောကြောင့် ၁၂၉၁-ခုနှစ်၊ ၀ါဆိုလ၌ ထိုကျောင်းသို့ သွားရောက်ပြီးလျှင် ထို ဆရာတော် ဘုရားကြီး၏ အမိန့်အရ ထိုကျောင်းတိုက်ရှိ ရဟန်းသာမဏေတို့အား စာပေကျမ်းဂန်များကို ပို့ချ သင်ပြပေးနေခဲ့ပါသည်။

ထိုသို့ ပို့ချပေး၍ ပရိယတ္တိ သာသနာကို ပြုနေစဉ်မှာပင် သမထ ၀ိပဿနာ ပဋိပတ္တိအလုပ်များကို အားထုတ် ကျင့်သုံးလိုသောကြောင့် ၁၂၉၃-ခုနှစ် ပြာသိုလထဲတွင် အဖော်ဖြစ်သူ အရှင်တေဇိန္ဒနှင့်အတူ မော်လမြိုင် တောင်ဝိုင်းတိုက်ကျောင်းမှ ထွက်ခဲ့၍ ဇင်းကျိုက်၊ သထုံ၊ ကေလာသ မြသပိတ်တောင်၊ ကျိုက်ထီးရိုးတောင်၊ ရွှေရောင်ပြတောင်၊ ဦးအုန်းခိုင်တောကျောင်း စသည်တို့၌ နေရင်း ကမ္မဋ္ဌာန်း နည်းများကို စုံစမ်း လေ့လာပြီးနောက် သထုံမြို့၊ မင်းကွန်းဇေတ၀န် ဆရာတော်ဘုရားကြီး ထံတော်၌ သတိပဋ္ဌာန် ၀ိပဿနာ ရှုပုံကို နည်းခံကျင့်သုံးလျက် နေခဲ့ပါသည်။ နေ့ရောညဥ့်ပါ မအိပ်ဘဲ တင်းတင်းကြပ်ကြပ်လည်း အားထုတ်ခဲ့ပါသည်။ ထိုစဉ်က တစ်ရက်လုံး စကားမပြောဘဲ ကျင့်ခဲ့သော ရက်တွေသာ များခဲ့ပါသည်။

ထိုသို့ အားထုတ်နေစဉ် လေးလရှိသောအခါ မော်လမြိုင် တောင်ဝိုင်းတိုက်ကျောင်းမှ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး အသည်းအသန် ရောဂါဖြစ်နေကြောင်း ကြားသိရသဖြင့် ၁၂၉၄-ခုနှစ် ၀ါဆိုလဆန်း ၇-ရက်နေ့တွင် သထုံမှ မော်လမြိုင်သို့ ပြန်ခဲ့ရပါသည်။ ၀ါဆိုလဆန်း ၁၄-ရက် ညဉ့်၌ တိုက်ကျောင်း ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသဖြင့် အရှင် သောဘနသည် တောင်ဝိုင်းတိုက်ကျောင်းကို ထိန်းသိမ်း စောင့်ရှောက်နေခဲ့ရ ပါသည်။

ဇေတ၀န် ဆရာတော်ဘုရားကြီး ထံမှ သတိပဋ္ဌာန် ၀ိပဿနာ ရှုနည်းကို ပေါက်ရောက် ပိုင်နိုင်ခဲ့သော အရှင်သောဘနသည် ထိုစဉ်က ၉-၀ါမျှသာ ရှိသေးသည်ဖြစ်၍ အရွယ် ငယ်သေးသောကြောင့် ကမ္မဋ္ဌာန်းတရားကို သူတစ်ပါးတို့အား မဟောကြားသေးဘဲ မိမိကိုယ်တိုင်သာ စွမ်းနိုင်သမျှ အားထုတ် နေထိုင်ခဲ့ပါသည်။

ထိုအတောအတွင်း ဆိပ်ခွန်ရွာ၌ ညီဖြစ်သူတစ်ယောက် သေဆုံးသွားသဖြင့် သံဝေဂပွားကာ ၁၃၀၀-ပြည့်နှစ်၌ ဇာတိရပ်သို့ ခေတ္တကြွသွားရာ ခုနစ်လအထိ သီတင်းသုံးလျက် သတိပဋ္ဌာန် ၀ိပဿနာ အလုပ်တရားကို စတင်ဟောပြောခဲ့ပါသည်။ ထိုစဉ်က ဆွေမျိုးဖြစ်သူ သုံးဦး စတင် တရားအားထုတ်၍ အောင်မြင်ကြသဖြင့် အခြား လူများစွာလည်း အားထုတ်ကြ၍ ဉာဏ်ထူး၊ တရားထူးများကို ကိုယ်တွေ့ဖြစ်ကြသဖြင့် မဟာစည် သတိပဋ္ဌာန် ၀ိပဿနာ တရားတော် လုပ်ငန်းသည် စတင်၍ ထင်ရှားပေါ်လာခဲ့ပါသည်။

၁၃၀၃-ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပသော အစိုးရ ဓမ္မာစရိယ စာမေးပွဲ၌ ၀င်ရောက် ဖြေဆိုရာ ကျမ်းရင်း ၃-ကျမ်းနှင့် ဂုဏ်ထူး ငါးကျမ်းတို့ကို ချောမောစွာ ဖြေဆို အောင်မြင်တော် မူသဖြင့် သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ ဟူသော ဘွဲ့တံဆိပ်ကို ရရှိတော် မူခဲ့ပါသည်။

ဒုတိယ ကမ္ဘာစစ်ကြီးဘေးကြောင့် ၁၃၀၃-ခုနှစ် နတ်တော်လမှစ၍ ဇာတိရပ် ဆိပ်ခွန်၌ ပြန်၍နေလျက် အခွင့်သင့်သော အခါတိုင်း ၀ိပဿနာ လုပ်ငန်းတရားကို ဆက်လက်၍ ဟောကြားညွှန်ကြားရာ တစ်နှစ်ထက်တစ်နှစ် တိုးတက် ထွန်းကားလာခဲ့ပါသည်။ ထိုအခါ သီတင်းသုံးရာ ဌာနဖြစ်သော မဟာစည်ကျောင်းကို စွဲမှီ၍ အရှင်သောဘနကို မဟာစည်ဆရာတော် ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။

ဝိပဿနာ ယောဂီ တပည့်တို့၏ တောင်းပန်ချက်အရ အရှင်သောဘနသည် ၁၃၀၅-ခုနှစ်က ယခုအခါ နာမည်ကျော်ဖြစ်သော ၀ိပဿနာ ရှုနည်းကျမ်း (ပ-ဒု နှစ်တွဲ) ကို ရေးသား ပြုစုတော် မူခဲ့ပေသည်။ စာမျက်နှာ ၉၅၀-ခန့်ရှိ ထိုကျမ်းကို ခုနစ်လ အတွင်းမှာ ရေးသားပြုစု၍ ပြီးခဲ့ပါသည်။ ယနေ့ထိ ထိုကျမ်းကို ရှစ်ကြိမ်တိုင်တိုင် ရိုက်နှိပ် ထုတ်ဝေပြီး ဖြစ်ပါသည်။

၁၃၁၁-ခုနှစ် တန်ဆောင်မုန်းလတွင် မဟာစည် ဆရာတော်ကို ရန်ကုန်မြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အဖွဲ့ချုပ်က ပင့်ဆောင်လာသဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ နတ်တော် လပြည့်မှစ၍ ၀ိပဿနာ လုပ်ငန်းတရားကို ဟောကြား ပြသတော်မူပါသည်။

မဟာစည် ဆရာတော် ဘုရား၏ စနစ်ကျသော ၀ိပဿနာ ရှုနည်းကို နှစ်ခြိုက် သဘောကျသူများ တစ်နေ့တခြား များပြားလာခဲ့ပါသည်။ စစ်ဘက်နယ်ဘက် အရာရှိများ၊ ပညာပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကုန်သည် ပွဲစားများမှစ၍ လူတန်းစားမရွေး သာသနာ့ ရိပ်သာသို့ လာရောက်၍ သတိပဋ္ဌာန် ၀ိပဿနာ တရားကို အားထုတ်ခဲ့ရာ၌ ထိုသူတို့တွင် တရား၏အရသာကို ကိုင်တွယ် တွေ့ရှိသွားသူများ အမြောက်အမြား ပါဝင်ပါသည်။ ယခုအခါ အထက်အောက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာပင် မဟာစည် သြ၀ါဒခံ ရိပ်သာပေါင်း ၂၀၀-ကျော် ရှိနေသဖြင့် တစ်နိုင်ငံလုံးမှ ပုဂ္ဂိုလ်များသည် နီးစပ်ရာ မြို့ရွာတို့၌ ရှိသော သာသနာ့ ရိပ်သာများ၌ တရားအားထုတ်ခွင့် ရခဲ့ပါသည်။ မဟာစည် ဆရာတော်၏ နည်းအတိုင်း တရားအားထုတ်ဖူးသူ မရှိသော မြို့ဟူ၍ မြန်မာပြည်၌ မရှိသေးပါ။ ဤမျှအတိုင်း မဟာစည် ဆရာတော်၏ ကမ္မဋ္ဌာန်းနည်း ပျံ့နှံ့ခဲ့ပါသည်။ ယခုအချိန်ထိ ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ တရား အားထုတ်ပြီးသူပေါင်း သုံးသောင်း လေးထောင်ကျော်ရှိ၍ တစ်နိုင်ငံလုံး၌ အားထုတ်ပြီးသူပေါင်း လေးသိန်းကျော် ရှိပါသည်။ သီဟိုဠ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လော၊ အိန္ဒိယ၊ အင်္ဂလန်နှင့် အမေရိကန် နိုင်ငံတို့၌လည်း မဟာစည် သြ၀ါဒခံ ရိပ်သာပေါင်း များစွာနှင့် ယောဂီပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် မဟာစည် ဆရာတော်သည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓတရားတော်၏ တရားအရသာကို တိုက်ကျွေး ဝေငှနေသော ကျေးဇူးရှင် ပုဂ္ဂိုလ်ကြီးအဖြစ် မှတ်တမ်းတင်ရမည့် ဆရာတော် ဖြစ်ပါသည်။
မဟာစည်ဆရာတော် ဘုရားကြီး၏ သာသနာပြု လုပ်ဆောင်ချက်များ
၁၃၁၃-ခုနှစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက မဟာစည် ဆရာတော် ဘုရားကြီး၏ ပရိယတ္တိဂုဏ်၊ ပဋိပတ္တိ ဂုဏ်ကျေးဇူးတို့ကို အသိအမှတ် ပြုသည့်အနေဖြင့် ဆရာတော်အား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် ပူဇော်ခဲ့ပါသည်။

၁၃၁၄-ခုနှစ်မှ စ၍ မြန်မာနိုင်ငံ၌ ဆဋ္ဌသင်္ဂါယနာ ကိစ္စများ စတင်ဆောင်ရွက် ခဲ့ကြပါသည်။ ဆဋ္ဌသင်္ဂါယနာကို ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ်အထိ ပါဠိတော် သင်္ဂါယနာအဖြစ် လည်းကောင်း၊ ၁၃၁၈-ခုနှစ်မှစ၍ အဋ္ဌကထာ၊ ဋီကာသင်္ဂါယနာ အဖြစ်လည်းကောင်း ကျင်းပခဲ့ကြပါသည်။ မဟာစည် ဆရာတော်သည် ထိုသင်္ဂါယနာ လုပ်ငန်းကြီးတွင် ၁၃၁၄-ခုနှစ်မှ စ၍ ပဓာနကျသော နေရာများ၌ ပါဝင်ဆောင်ရွက်တော် မူခဲ့ပါသည်။ သင်္ဂါယနာတင်မည့် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့ကို ရိုက်နှိပ်ရာတွင် နောက်ဆုံး ကြည့်ရှုသုတ်သင် ပြင်ဆင်ရသော တာဝန်ကို အခြား ဆရာတော်များနှင့်အတူ ဆောင်ရွက်တော် မူခဲ့ပါသည်။ သင်္ဂါယနာတင်ရာ၌ ထိုထိုသုတ် စသည်တို့ ဘုရားဟော အစစ်အမှန် ဟုတ်မဟုတ် မေးစိစစ်ရ၊ ဖြေရသည့်လုပ်ငန်းလည်း အရေးတကြီး ပါဝင်ခဲ့ရာ ပထမသင်္ဂါယနာ တင်စဉ်က အရှင်မဟာ ကဿပ မထေရ်မြတ်ကြီးသည် မေးစိစစ်သော တာဝန်ကို ယူခဲ့ရပါသည်။ ထို မထေရ်မြတ်ကြီးနည်းတူ မဟာစည် ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာ သဘင်ပွဲကြီး၌ မေးစိစစ်ရသော တာဝန်ကို ထမ်းဆောင်တော် မူခဲ့ရပါသည်။ ထို့နောက် အဋ္ဌကထာ ဋီကာတို့ကို သင်္ဂါယနာ တင်ရာ၌ စိစစ် လျှောက်ထားရသော တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ အဋ္ဌကထာ သင်္ဂါယနာ၌ မဟာစည် ဆရာတော်၏ စိစစ်လျှောက်ထားချက် တို့ကို နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က “သင်္ဂါယနာ စိစစ်ခန်း” အမည်ဖြင့် စာအုပ် ရိုက်နှိပ်ထုတ်ဝေပြီး ဖြစ်ပါသည်။

မဟာစည် ဆရာတော်ဘုရားသည် ၁၃၁၁-ခုနှစ်၌ အဓိပ္ပါယ် ဖွင့်ဆိုချက်တို့ဖြင့် ဝေေ၀ဆာဆာ ရှိလှသော မဟာသတိပဋ္ဌာနသုတ် နိဿယကို ရေးသားတော် မူခဲ့ပါသည်။ ဆဋ္ဌသင်္ဂါယနာ တင်နေစဉ်အတွင်း ၀န်ဆောင်သံဃာအဖွဲ့၏ တာဝန်ပေးချက်အရ (ဆရာတော်သည် ၀န်ဆောင်သံဃာ အဖွဲ့ဝင်လည်း ဖြစ်ပါသည်) ၀ိသုဒ္ဓိမဂ်ကျမ်း၏ နိဒါန်းကျယ်ကြီးကို ပါဠိဘာသာဖြင့် ရေး၍ ဆဋ္ဌသင်္ဂါယနာ ၀န်ဆောင်သံဃာအဖွဲ့အား တင်ပြရာ ယင်းအဖွဲ့ကြီးက နုတ်ပယ် ဖြည့်စွက်ခြင်း မရှိဘဲ လက်ခံအတည်ပြု၍ ထုတ်ဝေဖြန့်ချိ စေခဲ့ပါသည်။ ၀ိသုဒ္ဓိမဂ္ဂ နိဒါနကထာဟု ခေါ်သော ထိုပါဠိနိဒါန်းကြီးကား မဟာစည် ဆရာတော်၏ ပါဠိအရေးအသား စွမ်းရည်နှင့် အထွေထွေဗဟုသုတ ကြွယ်ဝပုံကို ထင်ရှားစေသော ကျမ်းဖြစ်ပြီး တိုင်းတစ်ပါးသား ပါဠိစာပေ ပညာရှင်တို့ကပင် ချီးကျူးအပ်သော ကျမ်းကြီးဖြစ်သည်ဟု သိရပါသည်။

၁၃၂၂-ခုနှစ်မှ စ၍ မဟာစည် ဆရာတော်သည် ၀ိသုဒ္ဓိမဂ်ကျမ်းကို ပို့ချရင်း ၀ိသုဒ္ဓိမဂ် မဟာဋီကာ နိဿယကျမ်းကြီးကို ရေးသားပြုစုတော် မူခဲ့ပါသည်။ ၀ိသုဒ္ဓိ မဟာဋီကာ ကျမ်းကြီးကား သမယန္တရဟုခေါ်သော ဟိန္ဒူဒဿန ရေးရာများကို ထည့်သွင်းရည်ညွှန်း ဝေဖန်ထားသော ကျမ်းဖြစ်၍ အချို့နေရာတို့၌ အနက်သိရန်ပင် ခက်ခဲလှသော ဋီကာဖြစ်ပါသည်။ မဟာစည် ဆရာတော်သည် သက္ကတဘာသာ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားထားသော သက်ဆိုင်ရာ ဖီလိုဆိုဖီခေါ် ဒဿနကျမ်းများကို ပိုင်နိုင်အောင် ကြည့်ရှုလေ့လာပြီးမှ ၀ိသုဒ္ဓိမဂ် မဟာဋီကာ နိဿယကျမ်းကြီးကို ရေးသားတော် မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုနိဿယ ကျမ်းကြီးသည် စာမျက်နှာ ငါးရာခန့်ရှိ စာအုပ်ကြီး (၄)အုပ် ရှိသည်အထိ ကျယ်ဝန်းပါသည်။ ၀ိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းကိုလည်း ဆရာတော်သည် ၁၃၂၃-ခုနှစ်မှစ၍ ရေးသားခဲ့ပါသည်။ ထိုကျမ်းလည်း စာမျက်နှာ ငါးရာကျော်ရှိ စာအုပ်ကြီး (၄)အုပ်အထိ ကျယ်ဝန်းပါသည်။

ထို့အပြင် မဟာစည် ဆရာတော် ဟောကြား ပြုစုတော်မူသော ၀ိပဿနာ အခြေခံတရားတော်၊ အရိယာဝါတရားတော်၊ ပဋိစ္စသမုပ္ပါဒ် တရားတော်၊ ဓမ္မစကြာသုတ် တရားတော်၊ အနတ္တလက္ခဏသုတ် တရားတော် စသော ၀ိပဿနာဆိုင်ရာ တရားတော် စာအုပ်များလည်း ယခုအခါ များစွာပင် ထွက်ပေါ်လျက် ရှိနေပါသည်။

မဟာစည် ဆရာတော်ဘရားသည် ထိုင်း၊ ကမ္ဘောဒီးယား၊ သီဟိုဠ်၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှား နိုင်ငံများသို့ သာသနာရေး မစ်ရှင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ သာသနာပြု ဆရာတော် အဖြစ်ဖြင့် လည်းကောင်း ကြွရောက်၍ သာသနာပြုတော် မူခဲ့ပါသည်။ အင်ဒိုနီးရှား သာသနာပြုအကြောင်း ဆရာတော် ရေးသားသည့် “အင်ဒိုနီးရှား သာသနာပြုဆိုင်ရာ ခရီးသွားမှတ်တမ်း” လည်း ၁၃၂၁-ခုနှစ်က ပေါ်ထွက်ခဲ့ပါသည်။

ဆရာတော်ဘုရားကြီး ဟောကြား ပြသတော်မူခဲ့သော သတိပဋ္ဌာန် ၀ိပဿနာ ရှုမှတ်နည်းသည် အလွန်ပင် လွယ်ကူ ရှင်းလင်းခြင်း၊ လျှင်မြန်စွာ တရားထူး ရရှိခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများသို့ ပျံ့နှံ့ ကျော်ကြားလျက် ရှိပါသည်။ ထေရ၀ါဒ နိုင်ငံများ ဖြစ်သော သီဟိုဠ် (သီရိလင်္ကာ)၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လောနိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများ၊ အင်္ဂလန်နိုင်ငံ၊ အမေရိကန်နှင့် ဥရောပ နိုင်ငံများသို့လည်း ပြန့်ပွားလျက် ဆရာတော် ဘုရားကြီး၏ ၀ိပဿနာ ရှုမှတ်နည်းဖြင့် တရားရိပ်သာ အမြောက်အမြား ရှိနေပြီ ဖြစ်ပါသည်။ မဟာစည် ဆရာတော် ဘုရားကြီးသည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓ၏ တရားအရသာများကို တိုက်ကျွေးတော် မူခဲ့သော ကျေးဇူးရှင် မထေရ်မြတ်ကြီးအဖြစ် မှတ်တမ်းတင်ထားသော ဆရာတော်ကြီး ဖြစ်ပါသည်။

ဤသို့လျှင် ကျမ်းဂန် အမျိုးမျိုးတို့ကို ရေးသားတော်မူခြင်း၊ ဆဋ္ဌသင်္ဂါယနာ၌ တစ်ရာကျော်သော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို အဆုံးသတ် သုတ်သင် ပြင်ဆင်တော် မူခြင်း၊ ဆဋ္ဌသင်္ဂါယနာ၌ ပုစ္ဆက (အမေး) ဆရာတော်၊ အဋ္ဌကထာ စိစစ်ခဏ်း ဆရာတော်အဖြစ် ဆောင်ရွက်တော် မူခြင်း၊ သာသနာတော် သန့်ရှင်း ပြန့်ပွားရေးအတွက် နိုင်ငံတော် သြ၀ါဒစရိယအဖြစ် ဆောင်ရွက်တော် မူခြင်းတို့ဖြင့် သာသနာ့တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်တော် မူခဲ့သော၊ ကမ္ဘာအနှံ့ သတိပဋ္ဌာန် ၀ိပဿနာ ပဋိပတ္တိသာသနာပြု မထေရ်မြတ် ဖြစ်တော်မူသည့် ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင်သောဘန မထေရ်မြတ်သည် သက်တော် (၇၈)နှစ်၊ သိက္ခာတော် (၅၈) ၀ါအရ (၁၃-၈-၁၉၈၂) ခုနှစ်တွင် ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာ၌ စံလွန်တော် မူခဲ့ပါသည်။

မူရင်းhttp://www.mahasidhamma.com/index.php?option=com_content&view=article&id=47&Itemid=27

Thursday, January 10, 2013

ယစ်မူးမှု (၃) မျိုး (ဒေါက်တာနန္ဒမာလာဘိဝံသ)



မြတ်စွာဘုရားက
ယစ်မူးမှု (၃)မျိုးကို ဖော်ပြထားတာရှိတယ်။


နံပါတ် (၁)

ယစ်မူးမှုက - "ယောဗ္ဗနမဒ" တဲ့၊
ငယ်ရွယ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဖြစ်တက်တဲ့ မာန်မာန ယစ်မူးမှု၊

လူငယ်လူရွယ်တွေဆိုတာ
သူရဲ့ နုပျိုမှုနဲ့ အားခွန်ဗလတွေ အပေါ်မှာအထင်ကြီးပြီး ယစ်မူးနေတက်တယ်။
ယစ်မူးနေပြီး ကုသိုလ်ကောင်းမှု လုပ်ရမှာကို မေ့လျော့နေတယ်၊
အဲဒါကို "ယောဗ္ဗနမဒ" လို့ ခေါ်တယ်၊

နုပျိုတဲ့အပေါ်မှာ ယစ်မူးမှု ဖြစ်တယ်၊
"ငါလုပ်ရင် ဘာမဆိုဖြစ်တယ်၊
ငါဟာ ငယ်ရွယ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ သန်စွမ်းတယ်၊ ကျန်းမာတယ်၊
ငါ့မှာ မကျန်းမာခြင်းဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး၊
အိုမင်းရင့်ရော်မှုဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး" ဆိုပြီး
နုပျိုမှုအပေါ် အခြေခံပြီး ယစ်မူးမှု ဖြစ်တယ်၊

ကုသိုလ်ကောင်းမှု လုပ်ရမှာကို မေ့လျော့နေတယ်။
အကုသိုလ် အမှုတွေကို ပြုမိတက်တယ်။
အဲဒါ "ပမာဒ" လို့ ခေါ်တယ်။


နံပါတ် (၂)
ယစ်မူးမှုက - "အာရောဂျမဒ" ။
ကျန်းမာသန်စွမ်းတဲ့ ပုဂ္ဂိုလ်ကလည်း ယစ်မူးတာပဲ။

"ဒို့ကတော့ ဆေးရုံဆေးခန်း ဘယ်တော့မှ မသွားရဘူး"။
တစ်ချို့ပြောတက်တယ်၊
"လျက်ဆားတောင်မှ မလျက်ဖူးဘူး။ ခေါင်းဆို တစ်ခါမှာ မကိုက်ဖူးဘူး။
ကျန်းမာတယ်၊ ဘာစားစား အစာကြေသွားတာပဲ။
ဘာနဲ့စားရ စားရ ဘယ်လိုနေရ နေရ ကျန်းမာတယ်" ဆိုပြီး
ကိုယ့်ရဲ့ ကျန်းမာမှုအပေါ်မှာ ယစ်မူးပြီး
"ငါလုပ်ရင် ဘာမဆိုဖြစ်တယ်" လို့ အတွေးရောက်ပြီး
ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ မေ့နေတက်ကြတယ်။

တရားနှလုံးသွင်းရမှာ သတိမရဘူး၊
အဲဒါကို "အာရောဂျမဒ" လို့ ခေါ်တယ်။

အဲဒီ "အာရောဂျမဒ" နဲ့ ယစ်မူးတဲ့ ပုဂ္ဂိုလ်ဟာ
မကောင်းမှုကိုလည်း ပြုလုပ်မိတက်တယ်။
အနည်းဆုံးတော့ ကုသိုလ်ကောင်းမှု အပေါ်မှာ မေ့နေတက်တယ်။


နံပါတ် (၃)
ယစ်မူးမှုက - "ဇီဝိတမဒ"။
အသက်ရှည်တဲ့ ပုဂ္ဂိုလ်ကလည်း အသက်ရှည်မှုအပေါ် ယစ်မူးတယ်။

"တချို့တလေဟာ လူ့ပြည်မရောက်သေးဘူး၊ သေသွားကြပြီ၊
တချို့ကျတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြပြီ၊
တို့မှာ အသက် (၇၀) (၈၀) (၉၀) ဘာမှ မဖြစ်သေးဘူး" ဆိုပြီး
အသက်ရှည်မှု အပေါ် ယစ်မူး နေတက်ကြတယ်။

ကိုယ့်ကျတော့ မသေဘူးလို့ အထင်ရောက်တက်တယ်။
အဲဒီလို ဇီဝိတမဒရှိပြီးတော့ ကုသိုလ်ကောင်းမှုမေ့လျော့တက်တယ်။


ဒီယစ်မူးမှု သုံးမျိုးလုံးဟာ ပမာဒပဲ။
အဲဒီလို မယစ်မူးဘဲနဲ့ ကုသိုလ်ကောင်းမှုလုပ်ဖို့ရန် သတိရနေတာကို
အပ္ပမာဒ လို့ ခေါ်တယ်။

အဲဒီ အပ္ပမာဒတရားဟာ အလွန်အရေးကြီးလို့
မြတ်စွာဘုရားက နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီး အချိန်မှာ -
'အပ္ပမာဒေန သမ္ပာဒေထ'
အပ္ပမာဒ နဲ့ မင်းတို့ရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေ ပြည့်စုံအောင် လုပ်ကြ၊
အပ္ပမာဒ ရှိပြီးတော့ ကိုယ်ကျင့်ရမယ့် သီလ သမာဓိ ပညာတွေ မမေ့ကြနဲ့၊
လုပ်ရမယ့် ကုသိုလ်တရားတွေ လုပ်ကြ၊
ယစ်မူး မေ့လျော့ပြီး မနေကြနဲ့လို့ မှားထားခဲ့တာပေါ့။


(အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ကြီး)

ကုသိုလ်ဖြစ်အောင် သတိဆောင် (နှာ ၁၁-၁၆) မှ
ကောက်နုတ်ပူဇော်ပါသည်။

မူရင်း-https://www.facebook.com/photo.php?fbid=406944519380325&set=a.126702664071180.29186.100001943421784&type=1&theater

Sunday, January 6, 2013

သီလသမာဓိ(သီတဂူ ဆရာတော်)


တခါတလေကျတော့လဲ စိတ်ဟာ ဘယ်လိုဖြစ်လဲဆိုတော့ အလွန်မုန်းတီးထားတဲ့ လူတယောက်ကိုလေ ချစ်တဲ့လူထက်တောင်မှ စွဲစွဲလမ်းလမ်း ဖြစ်နေသေးတယ်။
ချစ်တဲ့လူကို ဘယ်တော့မှ မမေ့ဘူးဆိုတာက တော်သေးတယ်။ ချစ်လို့ မမေ့တာ ထား။ ဟာ-မုန်းပါတယ်ဆိုလဲ သူလဲ မမေ့ဘူး။ ဘာဖြစ်လို့ မမေ့တာလဲဆိုတော့ မုန်းလို့ကို မမေ့တာ။ အဲဒီတော့ attachemen ဆိုတာ နှစ်မျိုးလုံးပဲ။ ချစ်သူတို့ အပေါ်မှာ စွဲလမ်းတာရော၊ မုန်းသူ ရန်သူတို့အပေါ်မှာ စွဲလမ်းတာရော attachemen ပဲ၊ အဲဒါတွေ များလာပြီဆိုရင် စိတ်ဟာ မျောက်လိုဖြစ်လာတယ်။ စိတ်ဟာ အမြဲတမ်း ခုန်ပျံပြေးလွှားနေတာ။ အဲလို မျောက်ကဲ့သို့ ခုန်ပျံပြေးလွှားနေတဲ့စိတ်ကို ငြိမ်သွားစေဖို့ရန် ကျင့်ရမယ့်ကျင့်စဉ်ကို ခေါ်တာက သမာဓိ၊ သို့မဟုတ်ရင် သမထ။

( သီတဂူ ဆရာတော် ) ဆေးတက္ကသိုလ် ဓမ္မသဘင်...
( သီလ ၊ သမာဓိ )Posted by: mingala ..

( သီလ )
ဒီကနေ့ သီလကိုပြောမယ်၊ သီလဆိုတာ ဘာလဲဟေ့လို့ ပြောရင် ဘယ်လိုပြောမလဲ ။ အများနှင့်ဆိုင်သော အားလုံးအတွက် Common ဖြစ်သွားအောင်ပြောမယ်ဆိုလို့ရှိရင်နော်။ သီလဆိုတာ ကိုယ် နှုတ် တို့၏စည်းကမ်း၊ သီလအမျိုးအစားတွေ ဒီကနေ့ အကျယ်တ၀င့်ပြောဖို့ အချိန်မရဘူး။ သီလ အမျိုးအစားတွေ မြောက်မြားစွာရှိတယ်။ ပါတိမောက္ခသံဝရ သီလ၊ ဣန္ဒြိယသံဝရ သီလ၊ အာဇီဝပါရိသုဒ္ဓိ သီလ၊ ကျောင်းသူ ကျောင်းသားများအတွက် ဒီလောက်ထိမလိုသေးပါဘူး။ ခုနက ၂-လုံး ရရင်ပြီးပြီ။

ကိုယ် နှုတ် တို့၏ စည်းကမ်း၊ ကိုယ်၏စည်းကမ်း၊ နှုတ်၏စည်းကမ်း၊
Bodily discipline and verbal discipline thi is Sila ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
I undertake the precept not to kill any living beings အသက်ရှိ သတ္တ၀ါမှန်သမျှ မသတ်ရဘူးဆိုတဲ့ သိက္ခာပုဒ်ကို အကျွန်ုပ် စောင့်ထိန်းပါ၏။ အဲဒါဟာ ဘာလဲဆိုရင် Bodily discipline ပဲ။ ဒီ ကိုယ်အမူအရာဖြင့် သတ်တဲ့အမှုကို မလွန်ကျူးမိအောင် ကာယကံကို ဘာလုပ်ရမလဲ ထိန်းပေးရမယ်။

အဒိန္နာဒါနာ။ ဒီလက်နဲ့ သူတပါးရဲ့ပစ္စည်းကို မတရားသောနည်းဖြင့် မယူမိအောင် ကိုယ်အမူအရာကို ထိန်းတယ်။
ကာမေသုမိစ္ဆာစာရလဲ ဒီအဓိပ္ပါယ်ပဲဆိုတော့ ကိုယ်အမူအရာ ထိန်းတဲ့စည်းကမ်းဟာ အနည်းဆုံး ဘယ်လောက်ရှိမလဲ။ သုံးခုရှိပါတယ်။
သတ်ခြင်း ညှင်းဆဲခြင်း မလုပ်ဘူး၊ ခိုးဝှက်ခြင်း မလုပ်ဘူး။ ကာမဂုဏ်ကို မှားယွင်းစွာ ကျင့်သုံးတဲ့အကျင့်ကို မကျင့်ဘူး။
တိရစ္ဆာန်ဆိုတာကတော့ အမေရယ်၊ အမရယ်၊ ဘာမှ မခွဲဘူး။ အထီးရယ်၊ အမရယ် ဘာမှမခွဲဘူး။ အကုန်လုံး စပ်ယှက်တာပဲ။ လူကျတော့ ဒီလိုစည်းကမ်းနဲ့ နေလာတာ။ စည်းလေး ကမ်းလေးနဲ့ ကာမဂုဏ်ကို မစပ်ယှက်သင့်တာ ရှောင်သင့်တာ ရှောင်။ တရားဝင် ကိုယ်နှင့်လက်ခံထားတာလေး ကိုယ့်ဟာကိုယ် ပေါင်းသင်း ဆက်ဆံ ဒီလိုသွားတာ။

လူကတော့ စည်းနဲ့ ကမ်းနဲ့ နေတာ။ ဒါကြောင့် သီလဆိုတာ စည်းကမ်း။ အဲဒါတွေဟာ ဘုရားပွင့်ပွင့် မပွင့်ပွင့် တရားဟောဟော မဟောဟော ကမ္ဘာဦးလူတွေပေါ်တဲ့ အချိန်ကစလို့ ရှိကောင်းတဲ့ အကျင့်။ အဲဒါကို ကိုးကွယ်စရာ Religion ဆိုတဲ့ထဲမှာ သွားထည့်စရာကို။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဖြစ်လာတယ်။
သမ္မာဝါစာ-Right speech. သမ္မာကမ္မန္တ-Right action. How to actrightly ကို ပြောပြီးပြီ၊ To refrain from three kind of evil action-မကောင်းတဲ့ အကျင့်သုံးခု ရှောင်လိုက်ရင် Action တွေ အကုန်လုံး မှန်သွားတယ်။ မကောင်းတဲ့ ၆-ခုကို ရှောင်လိုက်ရင် ကောင်းတဲ့စကားတွေ အလိုလို ထွက်လာလိမ့်မယ်။ Right Speech ဖြစ်တာပေါ့။

Right livelyhood-ပေါ့၊ ဒါလေး နည်းနည်း အပိုလေးပေါ့။ မှတ်ထားလိုက်ဦး။ Right livelyhood-သိဖို့ ကောင်းတယ်။ ဗုဒ္ဓရှင်တော်ရဲ့ အဆုံးအမများစွာမှာ အသက်မွေးမှုနဲ့ ပတ်သက်လို့ မလုပ်ကောင်းတဲ့အချက် ၅-ခု ပြောထားတယ်။ မလုပ်ကောင်းတာ-
Poison Trading-အဆိပ်ကို ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Weapon Trading-လက်နက် ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Intoxicating Trading-ယဇ်မှုကို ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Animal Trading-အသားစားသတ္တ၀ါကို ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Human Trading-လူသတ္တ၀ါကို ကုန်သွယ်ရောင်းဝယ်ခြင်း ဆိုတဲ့နေရာမှာ For Prostitute (ပြည့်တန်ဆာ)၊ or slave (ကျေးကျွန်)၊ အဲဒီနှစ်ခုအတွက် Human Trading မလုပ်ရဘူး။ ၅-ခုရတယ်နော်။
အဆိပ်, လက်နက်, ယဇ်မှု, အသားစားသတ္တ၀ါ, လူ-အဲဒီ ၅-ခုက လွတ်သွားရင် Livelyhood-က ဘာဖြစ်လဲ။ Right livelyhood-နော်။ အဲဒါဟာ ဗုဒ္ဓရှင်တော်သည် ရှေးဟောင်းအိန္ဒိယယောဂီတို့ရဲ့ အကျင့်ကို ၆-နှစ်ကျင့်ပြီးတော့ ဒီအကျင့်တွေ ကောင်းကျိုးမပေးဘူး ဆိုပြီးတော့ ကိုယ်တိုင်ချတဲ့အခါ ရှေးဦးစွာ ချမှတ်လိုက်တာ။ ဘာကျင့်စဉ်လဲ။ သီလ။ အဲဒီသီလရဲ့ အကျဉ်းချုပ်သည် ကိုယ်နှုတ်နှစ်ပါးကို ထိန်းထားပေးတဲ့ စည်းကမ်းပဲတဲ့။

အဲဒါကြောင့် Bodily discipline, verbal discipline, Thi is Sila.အဲဒီသီလကို ကျင့်သွားရင် ဘာဖြစ်မလဲ။ ဗြဟ္မာ့ပြည် ရောက်မယ်။ နတ်ပြည် ရောက်မယ်။ ဒီမျက်မှောက်ချက်ချင်းကိုပဲ To be a good person (လူကောင်းဖြစ်ပြီ) ပဲ။ ကာယကံမှာ စည်းကမ်းရှိရင် ၀စီကံမှာ စည်းကမ်းရှိတယ်။ ကိုယ်နှင့်နှုတ်မှာ စည်းကမ်းရှိရင် ခရစ်ယာန်ဖြစ်ဖြစ်၊ ဟိန္ဒူဖြစ်ဖြစ်၊ အစ္စလာမ်ဖြစ်ဖြစ်၊ ဂျူးဖြစ်ဖြစ်၊ ဗုဒ္ဓပဲဖြစ်ဖြစ်၊ သူဘာဖြစ်လဲ Good person(လူကောင်း) ဘာသာရေးက မတတ်နိုင်ဘူး။ ကိုယ်တိုင်လုပ်မှရတာ။

လူကောင်းတယောက်ဖြစ်လာဖို့အတွက် အားလုံး ကိုယ် နှုတ်မှာ စည်းကမ်းရှိကြပါတဲ့။ ဘုန်းကြီးကျောင်းမှာ တရားရိပ်သာမှာ ပြောသလိုမျိုး ပြောရင်တော့ သီလမြဲကြပါပေါ့။ အခုတော့ ဒါကလေးတွေဆိုတော့ ကိုယ် နှုတ်မှာ စည်းကမ်းရှိကြမယ်ပေါ့။ ကိုယ်နှုတ်ရဲ့ စည်းကမ်းကို ထိန်းနိုင်တဲ့ပုဂ္ဂိုလ်သည် ဘာဖြစ်မလဲ။ Good person-လူကောင်း။ အဲဒီတော့ ကာယကံရဲ့ ကျူးလွန်မှု။ ၀စီကံရဲ့ ကျူးလွန်မှုတွေ အကုန်လုံးကို ဒီသီလက ထိန်းလိုက်တဲ့အတွက်ကြောင့် လူကောင်းတော့ ဖြစ်လာတယ်။ ဒါပေမဲ့ How to control the mental violence. It is more important then to control the body and speech. စိတ်ထဲ သောင်းကျန်းနေတာတွေ ကျတော့ ဘယ်လိုလုပ် ထိန်းမလဲ။

( သမာဓိ )
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမဒိယာမိ-I undertake the precept not to kill any living beings. ဘယ်သတ္တ၀ါကိုမှ ကျွန်ုပ်မသတ်ပါဘူး။ သတ်လို့လဲ မဖြစ်ဘူး။ သတ်ချင်တဲ့စိတ်တွေ ဘယ့်နှယ်လုပ်မလဲ။ အဆင့်က အဲလို လာတယ်။ အဆင့်ဆင့်ရှိတယ်။ ဒီတော့ ကိုယ်နှုတ်နှင့် မလွန်ကျူးတော့ဘူးဆိုရင်ပဲ တကမ္ဘာလုံးက သူ့ကို လူကောင်း ခေါ်တော့တာပဲ။ သီလကျင့်သုံးရင် လူကောင်းတော့ဖြစ်တယ်။ It is primary stage in Buddhism.ပဲ၊ သီလဟာ Primary stage-ပဲ ရှိသေးတယ်။ Middle stage လိုသေးတယ်။ high stage လိုသေးတယ်။ university level တောင် မရောက်သေးဘူး။ မင်းတို့က University ရောက်ပြီဆိုပြီးတော့ သိပ်ပြီးတော့ အထင်ကြီးမနေနဲ့။ သီလမပြည့်စုံရင် မင်းတို့ Primary မှာပဲ ရှိသေးတယ်။ အခု မင်းတို့ကို ဘုန်းကြီး Primary stage ကို နည်းနည်းလေး သင်ပေးထားတယ်။ တကယ်အရေးကြီးတဲ့ အပိုင်း၊ အဲဒီတော့ ဒုတိယအပိုင်းက ဘာလဲဆိုတော့ အဲဒီစိတ်ရဲ့ သောင်းကျန်းမှုတွေ၊ ထကြွမှုတွေ ပါဠိစားလုံးလေး ပြောလိုက်ပရစေဦး၊ ပရိယုဋ္ဌာန ခေါ်တယ်။ ကိုယ်နဲ့ နှုတ်နဲ့ လွန်ကျူးနေတာကိုတော့ ၀ီတိက္ကမ ခေါ်တယ်။

ဝီတိက္ကမ-ကိုယ်နဲ့ နှုတ်နဲ့ လွန်ကျူးတာကို သီလနဲ့ ထိန်း။ ကိုယ် နှုတ် စည်းကမ်းရှိတော့ သူသည် လူကောင်းတယောက်ဖြစ်လာတယ်။ ဘာပြစ်မှုမှ မရောက်တဲ့အတွက်ကြောင့် ဘာဥပဒေနဲ့မှ အရေးယူခြင်းမခံရဘူး။ သို့သော် စိတ်ထဲမှာ သောင်းကျန်းနေတာရှိရင် ဘာဖြစ်လဲ ဘာမှတော့ မဖြစ်ဘူး။ မြတ်ဗုဒ္ဓက တို့သံဃာတော်တွေရဲ့ ၀ိနည်းတော်မှာတောင်မှ-မနောဒွါရေ အာပတ္တိနာမ နတ္ထိ-တဲ့။ စိတ်နဲ့ပြစ်မှားတာ အာပတ်မသင့်ဘူး။ ကိုယ်နဲ့ နှုတ်နဲ့ ပြစ်မှားမှ အပြစ်ရောက်တာ။ အဲသလောက် ထိန်းနိုင်ရင်ကိုပဲ တိုင်းပြည်က တော်တော်ကောင်းနေပြီ။ ကမ္ဘာလဲ အတော်ကောင်းနေပြီ။ စိတ်သောင်းကျန်းမှုတွေကို ထိန်းဖို့ကတော့ ကိုယ်တိုင်ရဲ့ ချမ်းသာခြင်းအတွက် စိတ်ထဲက ထကြွသောင်းကျန်းနေတာတွေကို မထိန်းနိုင်လျှင် ကိုယ်တိုင်လဲ ချမ်းသာခြင်းကို မရနိုင်ဘူး။ Physical happiness ကိုယ်ချမ်းသာခြင်းနှင့် Mental happiness စိတ်ချမ်းသာခြင်း၊ ဒီ ၂-ခုမှာ Mental happinrss မှသာလျှင် တကယ့်အတွေ့ချမ်းသာအစစ်ပါ။

ဟို အမေရိကန် အင်္ဂလန် အနောက် တိုးတက်တဲ့နိုင်ငံကြီးတွေမှာ သွားကြည့်ရင် ဟို physical တွေကတော့ very very advanced ပဲ။ သိပ်တိုးတက်တာပဲ။ ဒါပေမယ့် သူတို့တတွေရဲ့ စိတ်ဟာ သိပ်ဆင်းရဲတယ်။ ဘာနဲ့တူနေသလဲ ဆိုတော့ ဘောလုံးအကြီးကြီးတလုံးကို ပြောင်ချောနေတဲ့ စားပွဲပေါ်မှာတင်၊ အဲဒီဘောလုံးကြီးပေါ်မှာ သစ်သားတန်းကြီးကို အလယ်တည့်တည့် တင်လိုက်ပေါ့။ တင်လိုက်ပြီး ဒီဘက်မှာ လူတယောက် ဟိုဘက်မှာ လူတယောက် ခွစီး။ အဲဒီလူနှစ်ယောက် balance ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် နှစ်ယောက်စလုံး သေလိုက်။ သူတို့ အဲဒီလို ဖြစ်နေကြတယ်။

တကမ္ဘာလုံးမှာလေ balance ဖြစ်အောင် သူတို့ မနည်း လုပ်နေကြရတာ။ အလွန့်အလွန် တိုးတက်နေတဲ့အပိုင်းက နေပြီးတော့ ဟို အစအထိ ကမ္ဘာဦးက ကျောက်ခေတ်၊ ကြေးခေတ်ကိုများ ပြန်ရောက်သွားမလား ဆိုပြီးတော့ ပူပြီးနေရတာ။ Tension, Tension ပေါ့။ စိတ်ထဲမှာ ပူပြီးတော့ နေရတာတွေဟာ အလွန်ပြည့်စုံနေပါလျက် သူတို့မချမ်းသာကြဘူး။ အဲဒါကြောင့် သူတို့ မြန်မာပြည်မရောက်ဘူးတဲ့ ဟိုဘက်က လူတွေက မေးတယ်။ မြန်မာပြည် ဘယ်လိုလဲတဲ့။ အို-Physically very poor but mantally is very rich နှလုံးသား အလွန်ကြွယ်ဝတဲ့ လူမျိုးပါကွာလို့ လာကြည့်စမ်းပါ။ တချို့ ရောက်လာတယ်။ ဟာ-ဒီကနေ ယုယုယယ ပြုစုစောင့်ရှောက်ပေးကမ်း ကျွေးမွေးတည်းခို သွားလဲပဲ ဘုန်းကြီးကျောင်းတွေ တည်းမလား။ ဘယ်သူ့အိမ် တည်းမလဲ။ တပည့်တွေ အမေရိကန်တွေ၊ အင်္ဂလိပ်တွေ လာကြတယ်။ ဘယ်သူကမှ သူတို့ Charges အခကြေးငွေ မလုပ်ဘူး။ ဟိုကဖိတ်ကျွေး၊ ဒီကဖိတ်ကျွေး၊ လက်ဆောင်တွေပေး။ လေယာဉ်ဆင်းတဲ့အချိန်ကစပြီး ၀ိုင်းကူကြ၊ ပြန်တက်တဲ့အထိ ပြန်သွား ပျော်ပျော်သွားကြပါတယ်။

ဟာ-ဒီလိုတိုင်းပြည်မျိုး ဘယ်မှာမှမတွေ့ဖူးဘူး။ ဘာဖြစ်လို့ ဒီလူတွေ ဒီလောက် နှလုံး ဒါလောက်လှနေတာလဲ။ ဒါလောက် ကြွယ်ဝချမ်းသာနေတာလဲလို့ သူတို့ ဒါမေးတယ်။ အဲဒါကြောင့် ဘုန်းကြီးက ပြောတယ်။ This is land of Dhamma ဓမ္မနိုင်ငံတော်။ တို့တိုင်းပြည်က ဒါကြောင့်မို့ ဒီလူတွေ ကြွယ်ဝချမ်းသာတာ။ ဓမ္မဖြင့် နှလုံးသား ဘာဖြစ်နေလဲ ကြွယ်ဝချမ်းသာတာ။ သူတို့တိုင်းပြည်တွေ ရောက်သွားလို့ရှိရင် ဟေ့-ကျုပ် အခုမအားသေးဘူး။ ဘယ်နေ့တော့မှ ခင်ဗျားပြောလို့ရမယ်။ ဒါဖြင့် ခင်ဗျားတည်းဖို့ ဘယ်ဟိုတယ်မှာ ကျုပ်တို့လုပ်ထားတယ်။ အဲဒီသွားတည်း။ အဲဒီမှာစား။ အချိန်ကျ ကျုပ်လာရှင်းမယ်။ ဒါမျိုးတော့ လုပ်ချင်လုပ်မယ်။ သူ့အိမ်လာတည်းပါလို့ ဘယ်တော့မှ မရှိဘူး။

သူ့ကို လိုက်ပို့မယ်။ သူ့ကို ပင်တိုင်ချက်ကျွေးမယ်။ ဘယ်တော့မှ ဒီလိုမရှိကြဘူး။ ရှားပါတယ်။ ကဲ အခုကြည့်လေ။ ဘာလဲ Mental violence ပါဠိလိုပြောရင် ပရိယုဋ္ဌာန စိတ်ချမ်းသာခြင်းကို မရနိုင်ကြတဲ့အကြောင်း၊ ဟိုဘက်တိုင်းပြည်တွေမှာ ပစ္စည်းပစ္စယတွေ ပြည့်စုံပြီးတော့ စိတ်မချမ်းသာကြဘူး။ ဒီထဲမှာ ဘုန်းကြီးတို့ ပစ္စည်းပစ္စယ မပြည့်စုံပေမယ့်လဲ အလွန်စိတ်ချမ်းသာအောင် နေတတ်တယ်။ ဘုန်းကြီးတို့လူမျိုးဟာ အဲဒါ ဘာစွမ်းရည်လဲလို့ဆိုရင် ဒီဓမ္မရဲ့ စွမ်းရည်ကြောင့်ပါပဲ။ အဲဒီတော့ Satge က ဘုန်းကြီးတို့မှာ ဘာရှိသလဲ ဆိုရင် သမာဓိ ရှိတယ်။ အေး-သမာဓိ ဆိုတာ ဘာလဲမေးရင် Mental discipline ပဲ ၊ Concentration ဆိုတာကတော့ လူသိများတယ်။

ဒီကနေ့ ဘုန်းကြီးတို့ဖြန့်ချိတာက Mental discipline အဓိပ္ပါယ်။ စိတ်၏ စည်းကမ်း၊ တောထဲက မျောက်တွေ သွားကြည့်၊ အစာတွေ ၀အောင်စား၊ ထပ်စားတယ်၊ ပါးစောင်ထဲ မျိုထား၊ လက်ထဲကလဲ ဆုပ်လိုက်သေးတယ်။ ဒီလောက် ၀နေတဲ့အကောင် ငြိမ်ငြိမ်လေး နေလားဆိုတော့ မနေဘူး။ ဟိုအပင်ခုန်၊ ဒီအပင်ကူးလိုက် ဒီအပင်ခုန် ဟိုအပင်ကူးလိုက် မျောက်၊ မျောက်ပြောတာ။(ရယ်သံများ)။ အလွန့်ကို စည်းမဲ့ ကမ်းမဲ့နိုင်တဲ့ကောင်။ မင်းတို့စိတ် ဘာနဲ့တူလဲ ။ ဘုန်းကြီးတို့စိတ်လဲပဲ ဘာနဲ့တူလဲဆိုရင် မျောက်နဲ့တူတယ်။ အမြဲတမ်း အလိုမပြည့်နိုင်ဘူး။ တစုံတခုကို တောင့်တနေတာ။ တခါတလေကျတော့လဲ စိတ်ဟာ ဘယ်လိုဖြစ်လဲဆိုတော့ အလွန်မုန်းတီးထားတဲ့ လူတယောက်ကိုလေ ချစ်တဲ့လူထက်တောင်မှ စွဲစွဲလမ်းလမ်း ဖြစ်နေသေးတယ်။(ရယ်သံများ)။

ချစ်တဲ့လူကို ဘယ်တော့မှ မမေ့ဘူးဆိုတာက တော်သေးတယ်။ ချစ်လို့ မမေ့တာ ထား။ ဟာ-မုန်းပါတယ်ဆိုလဲ သူလဲ မမေ့ဘူး။ ဘာဖြစ်လို့ မမေ့တာလဲဆိုတော့ မုန်းလို့ကို မမေ့တာ။ အဲဒီတော့ attachemen ဆိုတာ နှစ်မျိုးလုံးပဲ။ ချစ်သူတို့ အပေါ်မှာ စွဲလမ်းတာရော၊ မုန်းသူ ရန်သူတို့အပေါ်မှာ စွဲလမ်းတာရော attachemen ပဲ၊ အဲဒါတွေ များလာပြီဆိုရင် စိတ်ဟာ မျောက်လိုဖြစ်လာတယ်။ စိတ်ဟာ အမြဲတမ်း ခုန်ပျံပြေးလွှားနေတာ။ အဲလို မျောက်ကဲ့သို့ ခုန်ပျံပြေးလွှားနေတဲ့စိတ်ကို ငြိမ်သွားစေဖို့ရန် ကျင့်ရမယ့်ကျင့်စဉ်ကို ခေါ်တာက သမာဓိ၊ သို့မဟုတ်ရင် သမထ။

( သီတဂူ ဆရာတော် )
( မြတ်မင်္ဂလာ ၁၉၉၉-ခု ဖေဖော်ဝါရီလ )


မူရင်း-https://www.facebook.com/photo.php?fbid=514370331928259&set=a.138486792849950.19586.100000658892612&type=1&theater

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝေဒနာနုပဿနာ သတိပဋ္ဌာန်


(၁) သုခဝေဒနာ၊(၂) ဒုက္ခဝေဒနာ၊(၃) ဥပေက္ခာဝေဒနာ၊ ဝေဒနာကို ဧည့်မှတ်လိုက် အဲဒီ ဧည်သည် သုံး
ယောက် တစ်ခါတစ်လေလာတော့..ဧည့်သည် သွား ငါလုပ်ပစ်တယ်။ ဝေဒနာရဲ့ သဘောကတော့၊
အခုဖြစ်ပြီး အခုပျက်တယ်၊ ခဏလေးပဲ။ ဝေဒနာတစ်ခုရဲ့ သက်တမ်းဟာ ဒကာ ဒကာမတို့ရဲ့ သက်တမ်း
ပဲ၊ တစ်ဝေဒနာ ပျက်ပြီး နောက်ဝေဒနာ မလာရင် သေပြီပဲ။ ဝေဒနာသုံးမျိုးနဲ့ လှည့်အသက်ရှင်နေရတယ်။
ဝေဒနာကြီးစိုးလိုက်တာ လူလားမြောက်ကတည်းက အားကိုမအားရဘူး၊ ချမ်းသာချင်တဲ့ ဝေဒနာက နေ့
မအား ညမအား အမောဆိုက်အောင် နွားလုပ်ခိုင်းတာ၊ ဖြစ်စဉ်က ကိုက်နေတယ်။
ယားတာ ဒုက္ခဝေဒနာ ယားတာပျောက်သွားတာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ ရှုတတ်တာ ကြမ်းလို့၊ သုခ
ဝေဒနာ မရှုတတ်တာ နုလို့။ ဘာဝေဒနာပေါ်ပေါ် ဖြစ်ပျက်ရှုရမယ်၊ ဒုက္ခဝေဒနာ တစ်ခုတည်းကို ရှာရှုနေ
ရင် ငါးပါးမှောက်မယ်၊ ကိုယ်ပေါ်မှာ သုခဝေဒနာ ပေါ်တယ်၊ ကာယဝိညာမှန်းသိတဲ့ ဝီထိက ဘာမှမဖြစ်ဘူး၊
မနောဒွါရနဲ့ လှမ်းသာယာလိုက်မှ၊ ဟဒယဝတ္ထုပေါ်မှာ ဇော (၇) ကြိမ်နဲ့ တဏှာဖြစ်တာ၊ ဝေဒနာပေါ်လဲ
ပေါ်သွားတယ်၊ ဒီကနေ့ပြီး ရှိသေးသလား ရှိသေးသလားနဲ့ တွေးလုံးသာခထုတ်ပါ၊ တွေးလုံးထုတ်သည်
နှင့် တစ်ပြိုင်နက်၊ တွေးတဲ့စိတ်ပေါ်သည်နှင့် အရင်ဖြစ်တဲ့စိတ်ဟာ..ရှိကို မရှိဘူး။ စိတ်ထဲ ချမ်းသာတာက
လေး ပေါ်လာရင်လည်း ဇိမ်ခံမနေနဲ့ ဖြစ်ပျက်ရှုလိုက်။ ချမ်းသာတာ ချမ်းသာသက် ရှည်နေတယ်ဆိုရင်
တဏှာကြားခိုပြီလို့ မှတ်ပါ။ ဝေဒနာဖြစ်တာကို ခံစားရတာကောင်းလိုက်တာ ဆိုတာဟာ..တဏှာနဲ့ သိတာ
အိပ်ခန်းထဲ တစ်ယောက်တည်း၊ ကိုယ့်စိတ်ကူးကလေးနဲ့ ကိုယ်ပျော်နေတာ တဏှာနဲ့ကိုဗျ၊ ငွေမှန်မှန်
ဝင်တဲ့ ပုဂ္ဂိုလ်ပြုံးနေတာဟာ..တဏှာနဲ့ အဖော်လုပ်နေတာပါ။
ဝေဒနာက သူ့သဘောနဲ့ သူပျက်နေတာကို သူစိမ်းသဘောနဲ့ ကြည့်ပါ၊ ဝေဒနာနဲ့ ငါနဲ့ မရောပါစေနဲ့၊ ခန္ဓာ
ထဲဝေဒနာဖြစ်နေတဲ့ နေရာလေးဆီကို၊ ဧည်သည့်နေနေပြီး ဧည့်သည်သေသေတာပဲလို့သာ ကြည်ပေးနေ
ရမယ်၊ ဝေဒနာတွေ ဘယ်လိုပင် ဆက်နေပါစေ ဖြစ်ပျက်သဘောနဲ့ နေတာပါ။ ကျုပ်တို့က ဝေဒနာ တစ်ခု
နဲ့ တစ်ခုကြား ဉာဏ်ထိုးရမယ်၊ ဝေဒနာက အပျက်၊ ထိုးလိုက်တဲ့ ဉာဏ်က မဂ်၊ ဒီလိုသာ ဝေဒနာအပျက်
နဲ့ နောက်က ဉာဏ်နဲ့၊ ဆက်ဆက်ချည်း သွားလို့ရှိရင် အပျက်ချည်းပဲ မြင်နေပြီ၊ နာကျဉ်ကိုက်ခဲတဲ့ ဝေဒနာ
မမြင်တော့ဘူး၊ ဝေဒနာကို ပေါ်စကသာ မိအောင် ရှုနိုင်ရင်လည်း..ဒီဝေဒနာ ကြီးကို မလာတော့ဘူး၊ နာ
တာ အစဉ်သဖြင့် နာတယ်ဆိုရင်..ဉာဏ်က မထိုးထွင်နိုင်တော့တဲ့အတွက်၊ ဒေါသကိလေသာ ကြားခို
လိမ့်မယ်၊ တစ်ကိုယ်လုံး နာနေရင် ပြင်းထန်တဲ့နေရာကို ဖြစ်ပျက်ရှု၊ မခံသာလွန်းလို့ ပြင်ခြင်ရင်၊ ရှုမှတ်
မှုကို မလွှတ်ဘဲ ဖြည်းဖြည်းလေး နေရာပြင်နိုင်ပါတယ်။ နေရာမပြင်လျှင် သာပြီးကောင်းတယ်၊ တွေ့နေ
တဲ့ သဘာဝအမူအယာကလေးတွေကိုတော့ နေရာပြင်လိုက်တာနဲ့ ပျောက်မသွားစေနဲ့၊ ပြင်ရင် သမာဓိ
ပျောက်မသွားပေမယ့် ဆုတ်ယုတ်သွားတတ်တယ်။
ဥပေက္ခာဝေဒနာမှာ ဉာဏ်ရှိတဲ့သူကတော့ မရှိတာပဲ တွေ့တာပဲ၊ မျက်စိမြင်ကာ မတ္တ၊ နားကြားကာ မတ္တ၊
နှာခေါင်းနံကာ မတ္တ၊ လျှာမှာစားကာ မတ္တ၊ အကောင်းအဆိုး မရွေးခင် ဥပေက္ခာဝေဒနာ စိတ်ထဲမှာ အာရုံ
ပြုကာ မတ္တ၊ ဥပေက္ခာဝေဒနာ ဒီဝေဒနာချုပ်အောင် ရှုနိုင်ရင် ဝမ်းထဲမှာ ငြိမ်းအေးရမယ်၊ ဝေဒနာချုပ်သွား
တာက နိဗ္ဗာန်၊ အေးငြိမ်းသွားတာက ကိလေသာသိမ်းတာပဲ၊ သေခါနီးရှုလို့ ဝေဒနာချုပ်ပျောက်သွားရင်
လည်း ခန္ဓာသိမ်းတဲ့ နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။ ခင်ဗျားတို့ ပြုပြင်သမျှ ခန္ဓာနှိပ်စက်လို့ ပြုပြင်ရတာ၊
ညောင်းလွန်းလို့ ကွေးရဆန့်ရ ထိုင်ရ ထရတာ၊ မနေနိုင်လို့ လုပ်ရတာချည်းပဲ၊ နှိပ်စက်တာကို မသိတဲ့အ
တွက် အပူဇော် ကဲနေတာ၊ သူ့ကို ဒုက္ခသစ္စာမှန်းသိပြီး မပေါင်းချင်တော့တဲ့တစ်နေ့၊ လူချမ်းသာဖြစ်ပြီ၊
ဒုက္ခသစ္စာမှ လွတ်ပြီ။ ခန္ဓာထဲ ဘာစိတ်ပေါ်ပေါ် ဘာဝေဒနာပေါ်ပေါ် ဘာရုပ်ပေါ်ပေါ် ဒုက္ခသစ္စာချည်းပဲ
လို့ ဆုံးဖြတ်ချက်ချနေတဲ့အချိန်မှာ ဘယ်နည်းနဲ့မှ ကိလေသာမလာဘူး၊ ပေါ်ရာကို ရှုရင် သစ္စာတွေ့မယ်၊
ခန္ဓာထဲ ပေါ်သမျှ တွေ့သမျှသည် ဒုက္ခသစ္စာ၊ ပေါ်တာကို မြင်လေသမျှ မဂ္ဂသစ္စာ။ "နိရောဓံ ဒိသွာ နိရောဓံ
အဘိံဉာယ"ဆိုတဲ့အတိုင်း၊ ချုပ်တာကလေးကို မရှိဘူးသိတာ ဝိပဿနာအမြင်ပါ၊ ဘာဝေဒနာမှ မတွေ့
ဘူးတဲ့။ ဝေဒနာလည်း မတွေ့ဘူး စိတ်လည်း မတွေ့ဘူး ရှုလိုက်ပြီဆိုမှဖြင့် ကုန်တာ ပျက်တာတွေချည်း
တွေ့တာပဲတဲ့ လောကုတ္တာရာမဂ်အမြင်က။
ရေထဲမှာ ရေရှာစရာ မလိုပါဘူး၊ ခန္ဓာကိုယ်ဉာဏ်နဲ့သာ စိုက်ထား၊ နဂိုက ဒုက္ခသစ္စာထဲမှာ ဉာဏ်ကစိုက်
ထားတော့ ပေါ်လာသမျှသည်၊ ဒုက္ခသစ္စာချည်းသာမှတ်၊ ခန္ဓာထဲ ပေါ်ဆဲ ပေါ်ဆဲကို ဒုက္ခပဲလို့ သိရမယ်၊
ဉာဏ်က ခေါင်းညိတ်လိုက်ရုံပဲ။ ခန္ဓာက ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာလို့ သိတာက မဂ္ဂသစ္စာ၊ သေတာက သမုဒ
ယသစ္စာ၊ နောင်ခန္ဓာမလာတာက နိရောဓသစ္စာ၊ ခန္ဓာကို တစ်ချက်သိလိုက်ရင် သစ္စာလေးပါး တစ်ပြိုင်နက်
ပေါ်တယ်၊ ဒါ ဓမ္မာနုပဿနာ၊ ဆရာသမားနည်းပေးတဲ့အတိုင်း ခန္ဓာထဲပေါ်တာလေးတွေကို၊ ဖြစ်ပျက်
ဒုက္ခသစ္စာလေးတွေပဲလို့ ရှုတာက အနုဗောဓဉာဏ်၊ ပွားဖန်များတော့မှ၊ ကိုယ့်ဟာကိုယ် ထိုးထွင်သိတဲ့
ပဋိဝေဓ ကိုယ်ပိုင်ဉာဏ် ထွက်လာတာ၊ ဒီဉာဏ်ရောက်ရင် ကိစ္စပြီးတာပဲ၊ သာမည သိတာသည် ဝိပဿနာ
ဉာဏ်၊ ပိုင်ပိုင်နိုင်နိုင် သိတာသည် မဂ်ဉာဏ်၊ မဂ်ဉာဏ် မရသေးရင် သိစရာကျန်သေးလို့၊ သစ္စာပိုင်ပိုင်
နိုင်နိုင် မသိသေးလို့၊ ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင်သိမှ နိဗ္ဗာန်ရမယ်၊ ဉာဏ်ရှေ့မှာ ဒုက္ခမြင်ရဖန်များလေလေ
မုန်းဉာဏ်ရင့်လာလေလေ၊် မုန်းအားကြီးရင် ဆုံးရော၊ ဒုက္ခရှိလို့ ဒုက္ခသိတာ အမှန်သိတာပဲ၊ သိသိနေမှ
မဂ္ဂသစ္စာဖြစ်တယ်၊ အမှန်သိရင် နိဗ္ဗာန်ရဖို့ နီးလာပြီ။ ။

ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။

အရှင်ဉာဏဓဇ


မူရင်း-https://www.facebook.com/photo.php?fbid=401748816570921&set=a.150642668348205.39860.100002074189858&type=1&theater

Wednesday, January 2, 2013

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တာနုပဿနာရှုပွားနည်း


"စိတ်ရှုတာ ထာဝရ ဝိပဿနာပဲ"
စိတ္တာနုပဿနာဆိုပေမယ့် စိတ်ကို အရှုခိုင်းတာ မဟုတ်ဘူး၊ စိတ်၏မရှိမှု
ပျက်မှုကို ရှုရမှာ၊ စိတ်ရှုရှု
ဝေဒနာရှုရှု အပျက်ကိုမြင်စေရမယ်၊ လူတစ်ယောက်ဟာ ယခုဖြစ်ဆဲစိတ်တစ်ခုနဲ့ပဲ အသက်ရှင်နေတယ်
တစ်ခုသော စိတ်ဟာ လူ့အသက်ပါပဲ၊ စိတ်တစ်ခုသက်တန်းဟာ (၁) မှာပေါ် (၂) မှာပျက်၊ စိတ်ကလေး
တစ်စိတ်ပေါ်လာ ဖျတ်ဆို သေပြီး၊ နောက်စိတ်တစ်ခု အစားထိုးတာပဲ၊ တစ်စိတ်ပြီး တစ်စိတ်ဖြစ်ပြီးပျက်
ဖြစ်ပြီးပျက်နဲ့..အစဉ်မပြတ် မရပ်မနား ဖြစ်ပျက်နေတာပဲရှိတယ်၊ အစားထိုးစိတ်နဲ့သာ အသက်ရှင်နေကြ
တာပဲရှိတာ..အစားထိုးရပ်တာနဲ့ သေမှာနဲ့ တစ်ချက်တည်းဘဲ။
ကမ္မဋ္ဌာန်းခွင်ဝင်ထိုင်နေမှ ကမ္မဋ္ဌာန်းမဟုတ်..အချိန်မရွေး နေရာမရွေး လာသမျှစိတ်ကို ရှိမရှိ အမြဲအကဲ
ခတ်နေတာဟာ ကမ္မဋ္ဌာန်းပဲ၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာနဲ့ နိဗ္ဗာန်ရောက်နိုင်ပါတယ်၊ ကိုယ့်သန္တာန်
စိတ်က နှစ်ခု ပြိုင် မဖြစ်နိုင်လို့..ရှေစိတ်ကို အကဲခတ်တဲ့ နောက်စိတ်နဲ့..မြင်လို့ မရနိုင်ဘူး၊ ပေါ်တဲ့စိတ်
ကအရင်ပေါ်မှာပဲ..အကဲခတ်တဲ့စိတ်က နောက်မှ ပေါ်မှာပဲ၊ ပေါ်တဲ့စိတ်ရှိတုန်းမှာ အကဲခတ်တဲ့ စိတ်မ
ဝင်နိုင်ဘူး၊ ဘယ်စိတ်ပေါ်လာလာ မရှိမှန်းသိရင် အနိစ္စတွေ့တာပဲ။
ဒွါရ (၆) ပေါက်မှာပေါ်လာမျှ ဓမ္မတွေကို ဖြစ်ပျက်ရှုရမယ်၊ မရှုရင် ပေါ်တဲ့စိတ်ကို ငါစွဲတာချည်းပဲ၊ ရှုရမှာ
က စိတ်တစ်ခု ပေါ်ရာဋ္ဌာနက (၆) နေရာ။ ပေါ်တော့လည်း တစ်ခုတည်း တစ်နေရာမှာသာ ပေါ်မှာ၊
တစ်စိတ်မပေါ် တစ်စိတ် အမြဲပေါ်နေမယ်၊ မြင်တာနဲ့ မြင်ပြီ သိတယ်၊ မြင်တာမျက်လုံး သိတာ ဟဒယ
ဝတ္တု မြင်စိတ်ကလေးက မြင်ပြီး ပျက်တာပဲ၊ သိစိတ်ကလေးကလည်း သိပြီးပျက်တာပဲ၊ သိစရာတစ်ခု
ချုပ်ပြီးမှ သိတာဖြစ်တယ်၊ ရှုတဲ့အခါ မြင်တာကို မိရင်မိ..မမိရင် သိတာကို မိအောင်ဖမ်းရမယ်၊ မြင်တိုင်း
မြင်တိုင်း မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်တာပဲလို့ ဝမ်းထဲက ရှုပေး၊ အရင်ဟာ မရှိတာသိရင် ပြီးတာပဲ
နောက်အစားထိုးတာ ရှိချင်ရှိမှာပေါ့ စိတ်သည် လက်ပစ်တစ်တွက် ကုဋေတစ်သိန်းချုပ်တယ်လို့ ဘုရား
ကဟောထားတာပဲ၊ ဘယ်စိတ်ဖြစ်၍ ဘယ်စိတ်ချုပပ်တယ်ဆိုတာ..ငါသိအောင်လုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်
ချက်ထားပြီး၊ အကဲ ခတ်သာနေ၊ အကဲခတ်တဲ့စိတ်ပေါ်ရင်၊ ရှေ့စိတ်က ချုပ်ပြီးသားလို့..မှတ်လိုက်ပေ
တော့ ပေါ်တဲ့စိတ် ကြည့်လိုက်တော့..မရှိတာဘဲ တွေ့တယ်၊ စိတ်ဟာ မရှိတာမှာ လမ်းဆုံးတယ်၊ တရား
တွေ့တယ်ဆိုတာ ခန္ဓာ၏ မရှိမှုသဘော၊ အနိစ္စကို တွေ့မှ တရားတွေ့တယ်လို့ ခေါ်နိုင်တယ်။
ဝေဒနာ၏ အပျက်ကို တွေ့မှသာ..အနိစ္စတွေ့တယ်လို့ ဆိုနိုင်ပါတယ်၊ ဝေဒနာတွေ ပေါ်ပြီးတော့ ပျက်တာ
တွေ့မှ..လမ်းမှန်တယ်လို့ ဆိုနိုင်ပြီ။
ဝေဒနာတွေ..စိတ်တွေ ဆိုတာလည်း တစ်ပြိုင်တည်း ပေါ်တာမဟုတ်ပါဘူး..တစ်ခုချုပ်ပြီးမှ တစ်ခုပေါ်
တာဖြစ်ပါတယ်၊ ပိဋိကတ် ဘယ်လိုဆိုတယ်ဆိုလို့ရှိရင်..ယထာဘူတ မကျသေးဘူး၊ ခန္ဓာက ဘယ်လို
ပြနေတယ်၊ ခန္ဓာက ဘယ်လိုဆိုနေတယ်ဆိုရင်ဖြင့်၊ ယထာဘူတ ကျပြီ၊ ဘုန်းကြီးထွက်စေချင်တာက
ခန္ဓာက ဘယ်လိုပြနေတယ်ဆိုတာကို၊ ကြိုက်တယ်..ဒီတော့ ပေါ်ရာရှု ဘာမှ မပေါ်ရင်..သက်စောင့်စိတ်
ဆိုတဲ့ အိမ်သည်ကိုရှု။ စောင့်သာကြည်နေ..တကယ်ရှိတာက ဓမ္မဖြစ်၍ ဓမ္မပျက်တာပဲရှိတယ်၊ တပည့်
တော်တို့ ဝိပဿနာ မလုပ်တတ်သေးဘူးဘုရားဆိုရင် စောင့်ကြည့်မနေလို့သာ မှတ်လိုက်ပေတော့
ဒိဋ္ဌိဆိတာ ဒီဓမ္မတွေကို ငါလို့လုပ်တာ၊ ဒါ ငါ့ဆံပင်၊ ငါ့သွား၊ ငါ့အသားနဲ့၊ ဒီ ဒိဋ္ဌိက စွဲထားလိုက်ထာ..
တစ်ကိုယ်လုံးမှာ..အပ်ဖျားချစရာတောင် မရှိဘူး၊ အမြဲမပြတ် ဖောက်ပြန်လိုက် ပျက်စီးလိုက် အစားထိုး
လိုက် ဒီလိုဖြစ်နေတာကို အမှန်မမြင်လို့..ခိုင်တယ်မြဲတယ်ထင်ပြီး..ဒိဋ္ဌိဝင်တာ။ ဒိဋ္ဌိက လောဘ၊ ဒေါသ၊
မောဟထက်..ပိုကြောက်စရာ ကောင်းတယ်၊ အလုံးစုံသော အကုသိုလ်တို့၏ ဖြစ်ရခြင်းအကြောင်းရင်း
ဟာ..ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပဲ။
ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ်..အာရုံနဲ့ ဒွါရ အကြောင်းတရား နှစ်ခုကြောင့် ပေါ်လာတဲ့ သင်္ခါရတရားပဲ..
မြင်စိတ်ဟာ..မျက်စိအကြည်နဲ့ အဆင်းကြောင့် ပေါ်လာတာသိရင်၊ သံသယ သေတယ်၊ ငါမဟုတ်လို့
ငါမပိုင် ငါမဆိုင်လို့..အကြောင်းနှစ်ခု ရုပ်သိမ်းတာနဲ့ ပျက်တာသိရင်..ဒိဋ္ဌိသေတယ်၊ ဒီလို အကြောင်းနဲ့
အကျိုးဆက်တာသိတော့ ငါဘယ်ကလာပါလိမ့်မလဲဆိုတဲ့..သံသယ ဝိစီကိစ္ဆာ သေတယ်၊ တစ်ခါ
အကြောင်းနဲ့ အကျိုးနှစ်မျိုးစလုံးထဲမှာ..ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ သူ၊ ဒါတွေမပါတာ
သိတော့ ဒိဋ္ဌိသေတယ်။ ဒီအသိနဲ့သေရင် အပါယ်မကျဘူး ခန္ဓာကိုယ်ထဲမှာ..အခုပေါ်လာတဲ့ တရားလေး
တစ်ခုကို..ဘယ်လိုကြောင့် ပေါ်လာသလဲ..ဘယ်လိုကြောင့် ပျက်သွားသလဲ ပိုင်ပိုင်နိုင်နိုင်သိရင်
အပါယ်မကျဘူး။ ဒွါရခြောက်ပေါက်က..ခန္ဓာငါးပါးတို့..တစ်နေ့တစ်နေ့ မရေတွက်နိုင်အောင် ပြောင်းလဲ
နေတာကို..လဲပြီ လဲပြီလို့ ဖန်ဖန်သိတာဟာ..ဝိပဿနာပါ။ အားထုတ်ချိန်မှာ ဖြစ်ပြီ ပျက်ပြီလို့သာ
အားထုတ်ပါ၊ ဓမ္မသဘော သူ့ဟာသူ ဖြစ်ပျက်နေတာတွေ ကြည့်နေဖို့ပဲ၊ ဓမ္မတွေပဲလို့ သံသယရှင်း
သွားရင်..ဝိစိကိစ္ဆာသေတာပဲ၊ ဒိဋ္ဌိသတ်ဖို့ကတော့.. ပေါ်လာသမျှ တရား ဖြစ်ပျက်ရှုပါ၊ ဖြစ်ပျက် ဖြိုင်
ဖြိုင်ရှု၊ သံသယ ကင်းကင်းနဲ့ ဖြစ်ပျက်ရှုနိုင်ပြီဆိုရင်..သောတာပန်ဟာ အလွယ်ကလေးမှတ်။ ။

ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။

အရှင်ဉာဏဓဇ

မူရင်း-https://www.facebook.com/photo.php?fbid=406990742713395&set=a.150642668348205.39860.100002074189858&type=1&theater