"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"
"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"
အဘိဓမ္မာ
  အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း by အရှင်ကောဝိဒ (ယော)
ကျွန်တော်တို့ မိတ်ဆွေတစ်စုသည် အဘိဓမ္မာတရားတော်ကို သိနားလည်လိုလှသဖြင့် လက်လှမ်းမီသမျှ စာအုပ် များကို ရှာဖွေဖတ်ရှုကာ အချင်းချင်း ဆွေးနွေးကြပါသည်။ ကျွန်တော်တို့ဒေသတွင် အဘိဓမ္မာ သင်တန်းများ မရှိပါ။ (အားငယ်စွာပြောရလျှင်) ကျွန်တော်တို့ကို သင်ကြားပေးမည့် ဘုန်းကြီးရဟန်းလည်း မရှိပါ။ ကျွန်တော်တို့ အထူး ကြည်ညိုလိုသောအချက်မှာ ယခု သင်္ဂြိုဟ် ၉-ပိုင်း သည် အဘိဓမ္မာ ၇-ကျမ်းမှ အဆီထုတ်ထားခြင်းဟု ဆိုလေရာ “မည်သည့်အပိုင်းသည် မည်သည့်အဘိဓမ္မာ ကျမ်းမှ ကောက်နှုတ်ထား ခြင်းဖြစ်ကြောင်း” ဖြစ်ပါသည်။
မြတ်ပန်းရဂုံ ဓမ္မသာကစ္ဆာကဏ္ဍတွင် ဖြေကြားနေသော ပညာရှင် များ၏ အဖြေများသည် ကျွန်တော်တို့အတွက် အလွန်ကျေးဇူးများပါသည်။ ထို့ကြောင့် ဤမေးခွန်းကိုလည်း ဖြေကြားပေးကြပါရန် ပန်ကြားပါသည်ခင်ဗျား။
ကိုမြင့်သူ (မဲဇာမြိုင်)
ယခု မြန်မာတို့ ခေါ်ဝေါ်သုံးစွဲနေသော သင်္ဂြိုဟ်-ဟူသော အမည်သည် သီဟိုဠ်ကျွန်း (ယခုသီရိလင်္ကာနိုင်ငံ) မှ အရှင်အနုရုဒ္ဓါမထေရ် စီရင်သော “အဘိဓမ္မတ္ထသင်္ဂဟ” ဟူသောကျမ်း၏ အမည်ဖြစ်၏။ အဘိဓမ္မတ္ထသင်္ဂဟ-ဟူသော ပုဒ်သည် အဘိဓမ္မ+အတ္ထ+သံ+ဂဟ= ဟူသော ပုဒ်တို့ကို သဒ္ဒါနည်း အရ စပ်ထားခြင်းဖြစ်၏။ အဘိဓမ္မ-အဘိဓမ္မာ ဒေသနာတော်၏၊ အတ္ထ-အနက် အဓိပ္ပါယ်အကျယ်ကို၊ သံ-အကျဉ်းချုံး၍၊ ဂဟ-ယူရာဖြစ်သော ကျမ်း-ဟု ဆိုလို၏။
ထိုသို့ အဘိဓမ္မာဒေသနာတော် ဝါ-အဘိဓမ္မာ ၇-ကျမ်း၏ အနက်အဓိပ္ပါယ် အကျယ်ကို အကျဉ်းချုံး၍ ယူပြရာတွင် ကျမ်းစဉ်အတိုင်း အကျဉ်းချုံး၍ ယူပြသည်မဟုတ်၊ အဘိဓမ္မာဒေသနာတော်၌ ပါရှိသော ပရမတ္ထ တရားလေးပါးနှင့် ပညတ်တရားတို့ကို အစီအစဉ်အသစ်ဖြင့် နှောင်းခေတ် လူတို့အကြိုက် အလွယ်လိုက်သူတို့အတွက် သိလွယ်တတ်လွယ် အောင် ကျမ်းတစ်စောင်တစ်ဖွဲ့ ရေးဖွဲ့ထားခြင်းဖြစ်၏။ ထို့ကြောင့် သင်္ဂြိုဟ်ကျမ်းလာ မည်သည့်အပိုင်းသည် မည်သည့် အဘိဓမ္မာကျမ်းမှ ထုတ်နှုတ်ထားခြင်းဖြစ်၏ - ဟု သတ်မှတ်ဖွယ် မရှိပါ။ ပထမဆုံးဖြစ်သော စိတ်ပိုင်းသည်ပင် အဘိဓမ္မာ ၇-ကျမ်းလုံး (အဋ္ဌကထာပါမကျန်) မှ ထုတ်နှုတ်ထားခြင်းဖြစ်၏-ဟု ဆိုရမည် ဖြစ်ပါသည်။ ထို့ကြောင့် ဤအဖြေတွင် အဘိဓမ္မာ ၇-ကျမ်း၏ ဟောတော်မူပုံ အစီအစဉ်နှင့် သင်္ဂြိုဟ် ၉-ပိုင်း၏ စီစဉ်ပုံ အနေအထားတို့ကိုသာ ပြဆိုနိုင်ပါမည်။
အဘိဓမ္မာ ၇-ကျမ်း ဟောပုံအစီအစဉ်
အဘိဓမ္မာပိဋကတ်သည် ကျမ်းအရေအတွက်အားဖြင့် (၁) ဓမ္မသင်္ဂဏီကျမ်း၊ (၂) ဝိဘင်္ဂကျမ်း၊ (၃) ဓာတုကထာ ကျမ်း၊ (၄) ပုဂ္ဂလ ပညတ္တိကျမ်း၊ (၅) ကထာဝတ္ထုကျမ်း၊ (၆)ယမကကျမ်း (၇) ပဋ္ဌာနကျမ်း ဟု ၇-ကျမ်း ရှိ၏။
၁။ ထိုတွင် ဓမ္မသင်္ဂဏီကျမ်းမှာ ကုသလဓမ္မ-အကုသလဓမ္မ အစရှိကုန်သော ဓမ္မတို့ကို အကျဉ်းချုပ်အားဖြင့် ဟောတော်မူသော ကျမ်းဟု ဆိုလိုပါသည်။ (ဓမ္မ=ကုသလဓမ္မစသည်၊ သံ=အကျဉ်း၊ ဂဟ=ပေါင်းယူခြင်း။)
၂။ ဝိဘင်္ဂ (ဝိဘင်း) ကျမ်းကား ခန္ဓာစသော ဓမ္မတို့ကို (တနည်း= ကုသလဓမ္မ-အကုသလဓမ္မ စသောဓမ္မတို့ကို) သုတ္တန်နည်း၊ အဘိဓမ္မာနည်း အမေးအဖြေ “ပဉှာပုစ္ဆက”နည်းတို့ဖြင့် အကျယ်တဝင့် ဝေဘန်ဟောပြ တော်မူရာဖြစ် သော ကျမ်းဟု ဆိုလို၏။
၃။ ခန္ဓာအစ အရဏ-အဆုံးရှိသောတရားတို့သည် ကက္ခဠ ဖုသန စသော မိမိသဘောကို ဆောင်သောကြောင့် ဓာတု= ဓာတ်မည်ကုန်၏။ ထိုဓာတ်တရားတို့ကို ပိုင်းခြား၍ ဟောရာဟောကြောင်းဖြစ်သောကျမ်းသည် ဓာတုကထာ မည်၏။ (ဓာတု-ဓါတ်၊ ကထာ-ဟောခြင်း၊ ဟောအပ်သောစကား)
၎။ ပုဂ္ဂလပညတ္တိ = ပုဂ္ဂလပညတ်ဟူရာဝယ် မိန်းမ၊ ယောက်ျား၊ နတ်၊ လူ-စသည်တို့ကို ပုဂ္ဂလ-ဟု ခေါ်၏။ ပညတ်- ဟူသည် အမည်နာမပညတ်ကို ဆိုလိုသည်။ ဤကျမ်းတွင် ၁။ခန္ဓပညတ်၊ ၂။ အာယတနပညတ်၊ ၃။ဓာတု ပညတ်၊ ၄။ သစ္စပညတ်၊ ၅။ ဣန္ဒြိယပညတ်- ဟူသော သဘာဝပညတ် ၅-မျိုးနှင့် ၆။ ပုဂ္ဂလပညတ် ဟူသော အသဘာဝ ပညတ်တို့ကို ဝေဘန်ဟောကြားတော်မူ၏။
၅။ ကထာဝတ္ထု= အယူဝါဒနှင့်ဆိုင်သော စကားသည် ကထာမည်၏။ ဖြစ်ရာ တည်ရာ သို့မဟုတ် အမှန်ထင်ရှား ရှိသောအရာ (အနှစ်သာရ)သည် ဝတ္ထု-မည်၏။ ပုဂ္ဂလကထာ၊ ဗြဟ္မစရိယကထာ စသည့်ကထာတို့၏ တည်ရာဖြစ်သော ကျမ်းဟု ဆိုလိုပါသည်။
အသောကမင်းကြီးလက်ထက်၌ ဗုဒ္ဓဘုရား၏ အလိုတော်နှင့် အညီ အယူဝါဒရှိတော်မူကြသည့် သကဝါဒီ သက်သက် ရဟန်းတော်ပေါင်း ခြောက်သန်းမျှပါဝင်သော ဥပုသ်ပြုပွဲကြီး၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿသည် ဗုဒ္ဓရှင်တော် ဘုရား၏ အလိုတော်နှင့်အညီ အမှန်ကိုသာ ယူဆပြောဆိုလေ့ရှိသူ (သကဝါဒီ) တို့၏ အယူကို ဖော်ပြသည့် သုတ်ပေါင်းငါးရာ၊ ဗုဒ္ဓဘုရား၏ အလိုတော် နှင့် မညီဘဲ ဗုဒ္ဓသာသနာ၏ ပြင်ပဖြစ်သည့် အယူမျိုးကို ယူဆပြောဆိုလေ့ရှိ သည့် (ပရဝါဒီ)တို့၏ အယူကိုဖော်ပြသည့် သုတ်ပေါင်းငါးရာတို့ကို ဟောကြားတော်မူသည်။
ထိုယူဆပြောဆိုချက်များကိုပင် တတိယသင်္ဂါယနာတင်သော အခါ ပဉ္စမမြောက် အဘိဓမ္မာကျမ်းကြီးအဖြစ်ဖြင့် ထည့်သွင်း၍ သံဂါယနာ တင်တော်မူကြပြီးလျှင် အတည်ပြုပြဋ္ဌာန်းတော်မူကြ၏။
ကထာဝတ္ထုကျမ်းကို ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈-နှစ်ရောက်မှ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ် ဟောတော်မူခြင်း ဖြစ်သော်လည်း “ဗုဒ္ဓရှင်တော်ဘုရား ထားတော်မူခဲ့သည့် မာတိကာ အတိုင်း ဟောကြားထားသော ကျမ်းဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း ငါဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈-နှစ်ရောက်သောအခါ မောဂ္ဂလိပုတ္တတိဿမည်သော ရဟန်းသည် ရဟန်းတော်ခြောက်သန်းတို့၏ အလယ်၌ သကဝါဒ၌ သုတ်ပေါင်းငါးရာ၊ ပရဝါဒ၌ သုတ်ပေါင်းငါးရာတို့ကို ပေါင်းရုံးကာ ဒီဃနိကာယ် ပမာဏရှိသော ကထာဝတ္ထု ကျမ်းကို ဟောလိမ့်မည်” ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သောကြောင့် လည်းကောင်း ဗုဒ္ဓဘာသိတ အဘိဓမ္မာကျမ်းအဖြစ် ထည့်သွင်းခဲ့ကြခြင်း ဖြစ်၏။
၆။ ယမက=ယမိုက်ကျမ်း။ ယမကသဒ္ဒါသည် အစုံ-ဟူသော အနက်ကို ဟော၏။ (က) အနုလောမ+ ပဋိလောမ တစ်စုံ၊ (ခ) ပုစ္ဆာ+ဝိသဇ္ဇနာတစ်စုံ၊ (ဂ) သန္နိဋ္ဌာန်+သံသယတစ်စုံ၊ ဤသို့ အစုံအစုံ ဟောတော်မူသောကျမ်းကို ယမက- ကျမ်းဟု ခေါ်၏။
၇။ ပဋ္ဌာန=ပဋ္ဌာန်းကျမ်း။ ပဋ္ဌာန-သဒ္ဒါသည် အကြောင်းအမျိုးမျိုး ဟူသော အနက်ကို ဟော၏။ နှစ်ဆယ့်လေးပစ္စည်းတို့တွင် တစ်ခုတစ်ခုသော ပစ္စည်း၌ပင် အကြောင်းအမျိုးမျိုးကို ဟောတော်မူသည်။ ထို့ကြောင့် ဟေတုပစ္စည်းစသော တစ်ခုတစ်ခုသော ပစ္စည်းသည်ပင် ပဋ္ဌာန်း-မည်၏။ တစ်ခုတစ်ခုသော ပစ္စည်း၏ ပဋ္ဌာန်းဟူသော အမည်ကို နှစ်ဆယ့်လေးပစ္စည်းလုံးကို ပြဆိုသောကျမ်း၌ တင်စား၍ အစိတ်၏ အမည်ကို အပေါင်း၌ တင်စားသော နည်းအရ ပဋ္ဌာန်းကျမ်းဟု ခေါ်ထားခြင်းဖြစ်၏။ (အကျယ်ကို ဓမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်၊ ကျမ်းဦးမှတ်ဖွယ်တွင် ကြည့်နိုင်သည်။)
သင်္ဂြိုဟ် ၉-ပိုင်း စီစဉ်ပုံ အနေအထား
အဘိဓမ္မတ္ထသင်္ဂဟကျမ်းသည် ၁။စိတ်ပိုင်း၊ ၂။ စေတသိက်ပိုင်း၊ ၃။ပကိဏ်းပိုင်း၊ ၄။ ဝီထိပိုင်း၊ ၅။ ဝီထိမုတ်ပိုင်း၊ ၆။ရုပ်ပိုင်း၊ ၇။ သမုစ္စည်းပိုင်း၊ ၈။ ပစ္စည်းပိုင်း၊ ၉။ ကမ္မဋ္ဌာန်းပိုင်း- အပိုင်း ၉-ပိုင်းခွဲကာ စီစဉ်ထား၏။
၁။ စိတ္တ-စိတ်ပိုင်း။ ဤအပိုင်းတွင် (က) ကာမာဝစရစိတ္တ- ကာမဘုံ၌ များသောအားဖြင့်ဖြစ်တတ်သောစိတ်များ၊ (ခ) ရူပါဝစရစိတ္တ - ရူပဘုံ၌ များသောအားဖြင့်ဖြစ်သောစိတ်များ၊ (ဂ) အရူပါဝစရစိတ္တ - အရူပဘုံ၌ များသောအားဖြင့် ဖြစ်သောစိတ်များ၊ (ဃ) လောကုတ္တရစိတ္တ- လောကမှ လွန်မြောက်သောစိတ်များ-ဟု လေးမျိုးခွဲပြ၏။ စိတ်ပိုင်းတစ်ပိုင်းလုံး စိတ်အကြောင်းကိုသာ အဓိကထားပြ၏။ ထို့သို့ စိတ်ချည်းသက်သက် ဟောပြထားသော အဘိဓမ္မာ ကျမ်းမရှိ။ အဘိဓမ္မာ ၇-ကျမ်းတွင် ပထမဆုံး ဟောတော်မူထားသည်မှာ -ကုသလဓမ္မာ- (ကုသိုလ်တရားများ) ၊ အကုသလာ ဓမ္မာ- (အကုသိုလ်တရားများ)၊ အဗျာကတာဓမ္မာ- (ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သောတရားများ)- ဟု ဖြစ်၏။ ထိုသုံးပိုဒ်တွင် စိတ်-စေတသိက်-ရုပ်-နိဗ္ဗာန်ဟူသော ပရမတ္ထတရား လေးပါးလုံး ပါရှိ၏။
၂။ စေတသိက-စေတသိက်ပိုင်း။ ဤအပိုင်းတွင် စိတ်၌မှီတွယ်၍ စိတ်ကို ခြယ်လှယ်သောတရား (စေတသိက်) ၅၂- ပါးကို ပြဆိုထား၏။
၃။ ပကိဏ္ဏက-ပကိဏ်းပိုင်း။ ဤအပိုင်းတွင် ရှေ့၌ဆိုခဲ့ပြီးသော စိတ် စေတသိက်တို့ကိုပင် ဝေဒနာ-ဟိတ်စသည် တို့၏ အပြားအားဖြင့် ရောနှော၍ ပြဆိုထား၏။
၎။ ဝီထိပိုင်း။ ဤအပိုင်းတွင် မည့်သည့်စိတ်နောက် မည်သည့်စိတ် ဖြစ်သည်ဟု စိတ်ဖြစ်ပုံအစဉ်အတန်းကို ပိုင်းခြား သတ်မှတ်ပြ၏။
၅။ ဝီထိမုတ္တ- ဝီထိမုတ်ပိုင်း။ ဤအပိုင်းတွင် ပဋိသန္ဓေ-ဘဝင်-စုတိကိစ္စတပ်သော ဝီထိမုတ်စိတ် ၁၉-ပါးတို့၏ ဖြစ်ပုံကို ပြဆိုထား၏။ ၃၁-ဘုံနှင့်ပတ်သက်၍လည်း အကျယ်ပြဆိုထား၏။
၆။ ရူပ- ရုပ်ပိုင်း။ ဤအပိုင်းတွင် ရုပ်တရားများ၏ အကြောင်းကို အသေးစိတ်ပြဆိုထား၏။ နိဗ္ဗာန်အကြောင်း လည်း ဤအပိုင်းတွင်ပါ၏။
၇။ သမုစ္စယ-သမုစ္စည်းပိုင်း။ အထက်ပါအပိုင်း ၆-ပိုင်းတွင် စိတ်-စေတသိက်-ရုပ်-နိဗ္ဗာန်ဟူသော ပရမတ္ထ တရားလေးပါးလုံး အပြည့်အစုံ ပါဝင်ပြီးဖြစ်၏။ ဤအပိုင်းတွင် ထိုပရမတ္ထတရားလေးပါးကို သဘောတူချင်း ပေါင်းသင်းဖွဲ့စည်း၍ ပြဆိုထား၏။
၈။ ပစ္စယ- ပစ္စည်းပိုင်း။ ဤအပိုင်းတွင် ပစ္စည်း+ပစ္စယုပ္ပန်၊ အကြောင်း+အကျိုးတရားတို့ကို ပဋ္ဌာန်းနည်း၊ ပဋိစ္စသမုပ္ပါဒ်နည်းဟု နှစ်နည်းခွဲပြ ထား၏။ ပဋ္ဌာန်းနည်းကို ပဋ္ဌာန်းကျမ်းမှ ထုတ်နှုတ်ပြ၏။ ပဋိစ္စသမုပ္ပါဒ်နည်းကား ဝိဘင်းကျမ်းမှ ထုတ်နှုတ်ထားခြင်းဖြစ်၏။ ပုဂ္ဂလပညတ်ကျမ်းမှ ပညတ်တရား တို့ကိုလည်း ထုတ်နှုတ်ပြဆို ထားသေး၏။
၉။ ကမ္မဋ္ဌာန-ကမ္မဋ္ဌာန်းပိုင်း။ ဤအပိုင်းတွင် ကမ္မဋ္ဌာန်းအမျိုးမျိုးကို ပြဆိုထား၏။
အဘိဓမ္မာဒေသနာတော်သည် လောက၌ အစစ်အမှန်အားဖြင့် ထင်ရှားရှိသော ပရမတ္ထသဘာဝတို့ကို ပြဆိုထား သောကြောင့် ပရမတ္ထဒေသနာ-မည်၏။
လောကတွင် အစစ်အမှန်အားဖြင့် ထင်ရှားရှိသောတရားကား ရုပ်နာမ်နှစ်ပါးသာ ဖြစ်၏။ ရုပ်နာမ်နှစ်ပါးမှတစ်ပါး ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမစသည်တို့ကား တကယ်ရှိသော အရာများမဟုတ်၊ ရုပ်နာမ်တရားတို့၏ အစုအပုံကိုပင် ပုဂ္ဂိုလ်သတ္တဝါစသည်ဖြင့် စွဲလမ်းမှတ်ထင်နေကြခြင်းဖြစ်၏။ ယင်းသို့ စွဲလမ်းမှတ်ထင်နေကြသော သတ္တဝါတို့ကို ရုပ်နာမ် ဓမ္မဟူသော သဘာဝအမှန်ကို သိမြင်စေရန် ဟောပြတော်မူအပ်သော ဒေသနာဖြစ်သော ကြောင့် ယထာဓမ္မသာသနာ -ဟုလည်းခေါ်၏။
အဘိဓမ္မာပိဋက၌ ပုဂ္ဂိုလ်သတ္တဝါစသော အပေါ်ယံပညတ်ကို ဖောက်ထွင်း၍ အတွင်းဓါတ်ဖြစ်သော ရုပ်နှင့် နာမ်ကို ခွဲခြားသိမြင်နိုင်ရန် နည်းလမ်း အမျိုးမျိုးကို ဟောပြထားသောကြောင့် အဘိဓမ္မာပိဋကတ် ကို နာမရူပ ပရိစ္ဆေဒကထာ-ဟုလည်း ခေါ်၏။
ဤသို့ ကြီးကျယ်ကောင်းမြတ်သော အဘိဓမ္မာပိဋကတ်ကို ရွတ်ဖတ်ခြင်း၊ နာယူခြင်း၊ ဖတ်ရှုခြင်း၊ လေ့လာ အားထုတ် ခြင်းတို့ဖြင့် စွမ်းနိုင်သမျှ လုပ်ဆောင်နိုင်ကြကာ နာမရူပပရိစ္ဆေဒဉာဏ် ရင့်သန်သဖြင့် မဂ်ဖိုလ်နိဗ္ဗာန် လျှင်မြန်စွာ ရရှိနိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)
အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း
အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း
သီလဆိုင်ရာ မေးခွန်းများ
                             သီလဆိုင်ရာ မေးခွန်းများ
          ကျွန်တော်ကိုယ်တိုင် မဝေခွဲနိုင်သည့် သီလဆိုင်ရာ အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန်...
(က) သီလသည် ကိုယ် (ကာယကံ) နှင့် နှုတ် (၀စီကံ) တို့ကို ကောင်းစွာစောင့်ထိန်းရုံဖြင့် ပြည့်စုံပါသလား။
(ခ) စေတနာသီလ နှင့် စေတသိကသီလအထူး။
(ဂ) ကုသိုလ် အကုသိုလ် ကံမြောက်မှုနှင့် ကံမမြောက်မှု ခြားနားချက်။
                                                                             လေးစားစွာဖြင့်
                                                                                      မောင်သစ္စာ (သုံးခွ)
          (က) နှင့် (ခ) ကို တပေါင်းတည်း ဖြေဆိုပါမည်။
          (က) သီလယတိ ကာယ၀စီကမ္မာနိ သမ္မာ ဒဟတီတိ သီလံ။
ကာယ၀စီကမ္မာနိ - ကိုယ်မှု နှုတ်မှုတို့ကို၊ သီလယတိ- သမ္မာ ဒဟတိ- ကောင်းစွာထားတတ်၏၊ ဣတိ-တသ္မာ- ထို့ကြောင့်၊ သီလံ- သီလမည်၏။
          အကုသိုလ်မဖြစ်အောင် ကိုယ်မှုနှုတ်မှုတို့ကို ကောင်းစွာထားတတ်သော စေတနာသည် သီလမည်၏။
  ဤဖွင့်ဆိုချက်အရ သီလသည် ကိုယ် (ကာယကံ) နှင့် နှုတ် (၀စီကံ) တို့ကို ကောင်းစွာစောင့်ထိန်းရုံဖြင့် ပြည့်စုံပါသည်။ မြတ်ဗုဒ္ဓ၏ ၄၅-၀ါ  ကာလပတ်လုံး ဟောတော်မူအပ်သော ဒေသနာတော်များကို အနှစ်ချုပ်ကြည့်လျှင် သီလ-သမာဓိ-ပညာ ဟု သိက္ခာသုံးပါးသာ ဖြစ်၏။ ထိုသိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် ကိလေသာအဆင့်သုံးဆင့်ကို ပယ်ရှားနိုင်၏။ ထိုတွင်…
          “သီလေန စ တဒင်္ဂပ္ပဟာန၀သေန ကိလေသပ္ပဟာနံ ပကာသိတံ ဟောတိ၊ သမာဓိနာ ၀ိက္ခ မ္ဘနပ္ပဟာန ၀သေန၊ ပညာယ သမုစ္ဆေဒပ္ပဟာန၀သေန။”
          ထိုမှတပါး သီလဖြင့် တဒင်္ဂပဟာန်အလိုအားဖြင့် ကိလေသာကို ပယ်ခြင်းကို ပြ၏၊ သမာဓိဖြင့် ၀ိက္ခမ္ဘနပဟာန်အလိုအားဖြင့်၊ ပညာဖြင့် သမုစ္ဆေဒပဟာန် အလိုအားဖြင့် (ကိလေသာကို ပယ်ခြင်းကို ပြ၏)။”
          “တထာ သီလေန ကိလေသာနံ ၀ီတိက္ကမပဋိပက္ခော ပကာသိတော ဟောတိ၊ သမာဓိနာ ပရိယုဋ္ဌာနပဋိပက္ခော၊ ပညာယအနုသယပဋိပက္ခော။”
“ထို့ပြင် သီလဖြင့် (ကာယကံ ၀စီကံမြောက် ကျူးလွန်သော) ၀ီတိက္ကမကိလေသာတို့၏ ဆန့်ကျင်ဘက်ကို ပြ၏၊ သမာဓိဖြင့် (စိတ်သန္တာန်၌ထကြွ နှိပ်စက်သော) ပရိယုဋ္ဌာန ကိလေသာတို့၏ ဆန့်ကျင်ဘက်ကို ပြ၏၊ ပညာဖြင့် (အကြောင်းညီညွတ်လျှင် ဖြစ်ပေါ်လာနိုင်သဖြင့် ကိန်းနေသည်ဟု ဆိုအပ်သော) အနုသယကိလေသာတို့၏ ဆန့်ကျင်ဘက်ကို ပြ၏။” ဟူသော ၀ိသုဒ္ဓိမဂ်လာ ဖွင့်ဆိုချက်များအတိုင်း သီလသည် ၀ီတိက္ကမကိလေသာဟူသော ကာယကံမြောက် ၀စီကံမြောက် လွန်ကျူးမှုများကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတ်နိုင်၏။ သို့ရာတွင် သီလဖြင့် မသတ်မိအောင် မခိုးမိအောင် ထိန်းထားသော်လည်း စိတ်၌ကား သတ်လိုစိတ် ခိုးလိုစိတ်များ ထကြွသောင်းကျန်းနိုင်သေး၏။ ထိုစိတ်၌ ထကြွသောင်းကျန်းသည့်အဆင့် ပရိယုဋ္ဌာနကိလေသာကို သမာဓိဖြင့် ပယ်သတ်နိုင်၏။ သို့ရာတွင် အမြစ်ပြတ်ကား မပယ်သတ်နိုင်သေး။ သမာဓိတန်ခိုး ဈာန်တန်ခိုးဖြင့် ဖယ်ခွါထားနိုင်ရုံ ၀ိက္ခ မ္ဘနပဟာန် အဆင့်သာ ရှိသေး၏။ အခွင့်သင့်လျှင် အကြောင်းညီညွတ်လျှင် ဖြစ်ပေါ်လာနိုင်သော စိတ်ထဲတွင် ကိန်းအောင်နေသကဲ့သို့ဖြစ်သော အနုသယအဆင့် ကိလေသာကိုကား ပညာဖြင့်သာ အမြစ်ပြတ် ပယ်သတ်နိုင်၏။
          ဆက်လက်၍ ၀ိသုဒ္ဓိမဂ်၌ လာရှိသော သီလဆိုင်ရာအဖွင့်များကို မဟာစည်ဆရာတော်ဘုရားကြီး၏ ၀ိသုဒ္ဓိမဂ် မြန်မာပြန်မှ ထုတ်နှုတ်ပြဆိုပါဦးမည်။
“(က) သီလ-ဟူသည်အဘယ်နည်း၊
(ခ) အဘယ်အနက်သဘောကြောင့်သီလမည်သနည်း၊
(ဂ) ထိုသီလ၏လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့ကား ဘယ်သည်တို့နည်း၊
(ဃ) သီလ၏ အကျိုးကား အဘယ်နည်း၊
(င) သီလသည် အဘယ်မျှ အပြားရှိသနည်း၊
(စ) သီလ၏ ညစ်ညူးကြောင်းကား အဘယ်နည်း၊
(ဆ) သီလ၏ ဖြူစင်ကြောင်းကား အဘယ်နည်း။
ထို (မေးခွန်းအပေါင်း)၏ အဖြေမှာ အောက်ပါအတိုင်း ဖြစ်သည်။
(က) သီလ-ဟူသည် အဘယ်နည်း-ဟူသော မေးခွန်း၌.... (ပါဏာတိပါတ) သတ္တ၀ါကို သတ်ခြင်းအစရှိသည် တို့မှ ကြဉ်ရှောင်သော သူ၏၎င်း၊ (ဥပဇ္ဈာယ၀တ်အစရှိသော) ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သောသူ၏၎င်း၊ (ကုသိုလ်) စေတနာ အစရှိသော တရားတို့သည် (သီလမည်၏)။ ထို့ကြောင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌....
“သီလ-ဟူသည် အဘယ်နည်း-ဟူရာ၌ စေတနာသည် သီလမည်၏၊ စေတသိက်သည် သီလမည်၏၊ ပိတ်ဆို့ စောင့်စည်းခြင်းသည် သီလမည်၏၊ မလွန်ကျူးခြင်းသည် သီလမည်၏” ဟု....ဟောတော်မူပေ၏။
ထို (ပဋိသမ္ဘိဒါမဂ်)၌ စေတနာသီလမည်သည်မှာ သတ္တ၀ါကို သတ်ခြင်းအစရှိသည်တို့မှ ကြဉ်ရှောင်သောသူ၏၎င်း၊ (ဥပဇ္ဈာယ၀တ် အစရှိသော) ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သောသူ၏၎င်း (ကုသိုလ်) စေတနာပေတည်း။
စေတသိက်သီလ-မည်သည်မှာ သတ္တ၀ါကို သတ်ခြင်း အစရှိသည်တို့မှ ကြဉ်ရှောင်သော သူ၏ ကြဉ်ရှောင်မှု (၀ိရတီစေတသိက်)ပေတည်း။
တနည်းအားဖြင့် စေတနာသီလ မည်သည်မှာ သတ္တ၀ါကို သတ်ခြင်း စသည်တို့ကို ပယ်စွန့်သောသူ၏ ခုနစ်ပါးသော (ကုသိုလ်) ကမ္မပထစေတနာ တို့ပေတည်း။
စေတသိက်သီလ မည်သည်မှာ “သူတပါး၏စည်းစိမ်ကို ရလိုသမှု ရှေးရှုကြံခြင်း-ဟူသော အဘိဇ္ဈာကိုပယ်၍ အဘိဇ္ဈာကင်းသော စိတ်ဖြင့် နေ၏” ဤသို့ အစရှိသော နည်းဖြင့် ဟောထား (အပ်ကုန်)သော အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိ တရားတို့ပေတည်း။
(သံဝရော သီလံ) ပိတ်ဆို့ စောင့်စည်းခြင်းသည် သီလမည်၏-ဟူရာ၌ စောင့်စည်းခြင်း - သံဝရသည် (၁) ပါတိမောက္ခသံဝရ၊ (၂) သတိသံဝရ၊ (၃) ဉာဏသံဝရ၊ (၄) ခန္တီသံဝရ၊ (၅) ၀ီရိယသံဝရ-ဟူ၍ ငါးပါး အပြားရှိ၏။
ထိုငါးပါးတို့တွင် “ဤပါတိမောက္ခသံဝရနှင့် ပြည့်စုံ၏ ကောင်းစွာ ပြည့်စုံ၏” ဟူသော ဒေသနာ၌ (လာသော) ဤစောင့်စည်းမှုသည် ပါတိမောက္ခသံဝရပေတည်း။
“စက္ခုနြေ္ဒကို စောင့်ရှောက်၏၊ စက္ခုနြေ္ဒ၌ ပိတ်ဆို့စောင့်စည်းခြင်းသို့ ရောက်၏” ဟူသော ဒေသနာ၌ (လာသော) ဤစောင့်စည်းမှုသည် သတိသံဝရပေတည်း။
“အဇိတ ဟု ခေါ်တော်မူ၍ မြတ်စွာဘုရားက ဟောတော်မူသည်မှာ-“လောက၌ အကြင်(ကိလေသာ) ရေ အယဉ်တို့သည် (ရှိကုန်၏)၊ ထို (ကိလေသာ) ရေအယဉ်တို့ကို တားမြစ်စရာကား အမှတ်ရမှု-သတိပေတည်း။ (ကိလေသာ) ရေအယဉ်တို့ကို ပိတ်ဆို့စရာကို ပြောပြရမည်၊ ၎င်းတို့ကို ပညာဖြင့် ပိတ်ဆို့ရာ၏” ဟူသော ဒေသနာ၌....(လာသော) ဤ စောင့်စည်းမှုသည် ဉာဏသံဝရပေတည်း။ ပစ္စည်းတို့ကို မှီဝဲ (ရာ၌ ဆင်ခြင်) မှုသည်လည်း ဤဉာဏသံဝရ၌ အတွင်းဝင်၏။
“အအေးကို အပူကို သည်းခံတတ်၏” ဤသို့အစရှိသော နည်းဖြင့် ဟောထားသော စောင့်စည်းမှု သည်ကား ခန္တိသံဝရ မည်၏။
“ဖြစ်ပေါ်လာသော ကာမအကြံအစည်ကို လက်မခံ” ဤသို့ အစရှိသောနည်းဖြင့် ဟောထားသော စောင့်စည်းမှုသည်ကား ၀ီရိယသံဝရမည်၏။ အသက်မွေးမှု၏ စင်ကြယ်ခြင်း-အာဇီဝပါရိသုဒ္ဓိ သည်လည်း ဤ၀ီရိယသံဝရ၌ အတွင်းဝင်၏။
ဤ ပြဆိုခဲ့သော ငါးပါးသော သံဝရကို၎င်း၊ မကောင်းမှုမှ ကြောက်တတ်သော အမျိုးကောင်းသားတို့၏ တွေ့ကြုံရသော (ဒုစ္စရိုတ်) ၀တ္ထုမှ ကြဉ်ရှောင်ခြင်း (၀ိရတီ)ကို၎င်း ဤအလုံးစုံကို သံဝရသီလဟု သိအပ်၏။
“မလွန်ကျူးခြင်းသည် သီလမည်၏” ဟူရာ၌ .... သီလဆောက်တည်ထားသော သူ၏ ကိုယ်၌ ဖြစ်သော မလွန်ကျူးခြင်း, နှုတ်၌ဖြစ်သော မလွန်ကျူးခြင်းကို ဆိုသည်။ ဤဆိုခဲ့သော စကားစုသည် “သီလဟူသည် အဘယ်နည်း” ဟူသော မေးခွန်း၏ အဖြေဖြစ်သည်။ (၀ိသုဒ္ဓိမြန်မာပြန်၊ ပထမတွဲ-၆၃-၄)
(ဂ) ကုသိုလ် အကုသိုလ် ကံမြောက်မှုနှင့် ကံမမြောက်မှု ခြားနားချက်။-ဟူရာ၌ကား
“ကမ္မပထမြောက်လျှင် ပဋိသန္ဓေကျိုးကို ပေးနိုင်သော ဇနကသတ္တိ ဧကန်ရှိ၏။ ကမ္မပထ မမြောက်လျှင်ကား ပဋိသန္ဓေကျိုးကို ပေးနိုင်-မပေးနိုင် ကိန်းသေမဟုတ်၊ တချို့ ပေးနိုင်၏။ တချို့ မပေးနိုင်။ ကမ္မပထမြောက်-မမြောက် ဆုံးဖြတ်ဖို့ရာ ဆိုင်ရာ အင်္ဂါ (လက္ခဏာ) စုံ-မစုံကို ကြည့်ရမည်။ ဆိုင်ရာ အင်္ဂါစုံလျှင် ကမ္မပထမြောက်၏။ အင်္ဂါမစုံလျှင် ကမ္မပထမမြောက်။” (သင်္ဂဟ-ဘာဋီ-၃၅၆) ဟူသည့်အတိုင်း….
“ဆိုင်ရာအင်္ဂါလက္ခဏာစုံလျှင် (ကုသိုလ်-အကုသိုလ်) ကံမြောက်၏။ မစုံလျှင် ကံမမြောက်။ ကံမြောက်သော (ကုသိုလ်-အကုသိုလ်) ကံသည် ပဋိသန္ဓေအကျိုးကို ဧကန်ပေးနိုင်၏၊ ကံမမြောက်လျှင် ဧကန်မပေးနိုင်၊ ပေးသည်လည်းရှိ၏၊ မပေးသည်လည်း ရှိ၏။” ဤသို့ ခြားနား၏။
ဥပမာ -- ပါဏာတိပါတ (အကုသိုလ်)ကံ မြောက်ဖို့အတွက် (၁) သက်ရှိသတ္တ၀ါလည်း ဖြစ်ရမည်။ (၂) သက်ရှိသတ္တ၀ါဟုလည်း သိရှိရမည်။ (၃) သေစေလိုသော စေတနာလည်း ရှိရမည်။ (၄) သတ်လည်း သတ်ရမည်။ (၅) သေလည်း သေရမည်။ ဤအင်္ဂါ ငါးချက်စုံမှ ကံမြောက်၏ တစ်ပါးပါး ချို့တဲ့လျှင် ကံမမြောက်ဟု သိပါ။
(သို့ရာတွင် အရှင်ဒေ၀ဒတ်၏ ဘုရားရှင်ကို သတ်ရာ၌ နောက်ဆုံးအင်္ဂါ ချို့တဲ့သဖြင့် ပါဏာတိပါတကံ မမြောက်သော်လည်း ပြစ်မှားလိုစိတ် နှင့် ၀ီရိယတို့ အားကြီးသောကြောင့်လည်းကောင်း၊ အပြစ်မှားခံပုဂ္ဂိုလ်၏ ဂုဏ်ကြီးခြင်းကြောင့်လည်းကောင်း လောဟိတုပ္ပါဒကကံထိုက်ကာ အပါယ်ပဋိသန္ဓေအကျိုးကို ပေးပါသည်။)
ဤမျှဖြင့် ပြည့်စုံပြီဟု ယူဆပါသည်။
“၁၁၀။ သီလမရှိ သမာဓိမရှိဘဲ အနှစ် တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် သီလရှိ၍ သမထ, ၀ိပဿနာကို ရှုနေသော သူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ( ဓမ္မပဒ)”ဟူသော ဒေသနာတော် အတိုင်း သီလသမာဓိရှိသော နေ့ထူးရက်မြတ်များ ပိုင်ဆိုင်နိုင်ကြပါစေ။
                                                                   အရှင်ကောဝိဒ (ယော)
ကံသုံးပါး၏ ကိစ္စ
ကျွန်တော်တို့သည် ဒုစရိုက် ၁၀ - ပါးကို ရှောင်ကြဉ်ကြရန်အတွက် ကာယကံဒုစရိုက် ၃ - ပါး၊ ၀စီကံ ၄- ပါး၊ မနောကံ ၃ - ပါးဟု ခွဲခြားနားလည်ကြပါသည်။ ထိုတွင် ကာယကံ ၃ - ပါးနှင့် ၀စီကံလေးပါး ကျူးလွန်မှုကို ထင်ရှားစွာ သဘောပေါက်ပါသည်။ ထိုကံတို့ကို ကျူးလွန်မိရာတွင် အကယ်၍ မနောကံ (စေတနာ) မပါလျှင် ကမ္မပထ မမြောက်ဟုလည်း နားလည်ပါသည်။
    မနောကံ (အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ)တို့သည်လည်း ကာယကံ၊ ၀စီကံ အဆင့်အထိ ရောက်မလာလျှင် ကမ္မပထ မြောက်ပါသလား။ အဘယ်အဆင့်အထိ ကျူးလွန်မှ ကမ္မပထ မြောက်သည်ကို သိလိုပါသည်။
                                မောင်မှုးတို့အဖွဲ့     (ဝေယျာဝစ္စအသင်း)
    ကာယကံ ၃-ပါးနှင့် ၀စီကံ ၄-ပါးကို ကျူးလွန်မိရာတွင် မနောကံ (စေတနာ) မပါလျှင် ကမ္မပထပထ မမြောက်ဟု နားလည်ပါသည်-ဟူရာ၌ “ဒုစရိုက် ၁၀-ပါးတွင် ကာယကံ ၃-ပါး၊ ၀စီကံ ၄-ပါးကို အရကောက်လျှင် စေတနာကို ရ၏။ မနောကံ ၃-ပါးကို အရကောက်လျှင် စေတနာနှင့် ယှဉ်သော “လောဘ၊ ဒေါသ၊ ဒိဋ္ဌိ” တို့ကို ကောက်ရ၏။
    ထို့ကြောင့် အဋ္ဌသာလိနီအဋ္ဌကထာတွင် “ဧတေသု ဟိ ပဋိပါဋိယာ သတ္တ စေတနာဓမ္မာဝ ဟောန္တိ၊ အဘိဇ္ဈာဒယော တယော စေတနာသမ္ပယုတ္တာ” “အကုသလကမ္မပထတရား ဆယ်ပါးတွင် ကာယကံသုံးပါး၊ ၀စီကံလေးပါးအားဖြင့် ၇-ပါးသော တရားတို့၏ တရားကိုယ်ကို စေတနာ၊ အဘိဇ္ဈာစသော သုံးပါးသော တရားတို့၏ တရားကိုယ်ကို စေတနာနှင့်ယှဉ်သော တရားများကို ကောက်ယူရမည်”ဟု မိန့်ဆိုထား၏။
    “မနောကံ (အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ)တို့သည်လည်း ကာယကံ၊ ၀စီကံအဆင့်အထိ ရောက်မလာလျှင် ကမ္မပထ မြောက်ပါသလား”-ဟူရာ၌ ကာယကံ ၀စီကံအဆင့်အထိ မရောက်သော်လည်း ကမ္မပထ မြောက်ပါသည်။ ကာယကံ ၀စီကံအဆင့်အထိ ရောက်သွားလျှင် ကာယကံ ၀စီကံ ဟူ၍သာ ခေါ်ဆိုရပါတော့သည်။ မနောကံဟူ၍ မခေါ်နိုင်တော့ပါ။ ကာယကံ, ၀စီကံအဆင့်သို့ မရောက်သော်လည်း ကာယဒွါရ, ၀စီဒွါရအဖြစ်သို့ ရောက်သော မနောကံကား ရှိပါသည်။
    အဋ္ဌကထာလာသည့်ဥပမာများကို ဘာသာပြန်ဆိုပြပါမည်။
    (က) တောမုဆိုးတစ်ယောက်သည် “သမင်တောသို့ သွားအံ့”ဟု လေးကို စီရင်၏၊ ညှို့ကို ကျစ်၏၊ လှံကို သွေး၏၊ ထမင်းကို စား၏၊ အ၀တ်ကို ပြင်ဝတ်၏၊ ဤသို့လျှင် လေးကိုစီရင်ခြင်းအစရှိသည်ဖြင့် ကာယဒွါရ၌ လှုပ်ရှားခြင်းသို့ ရောက်၏။ (သို့ရာတွင်) ထိုမုဆိုးသည် တော၌ တနေကုန် လှည့်လည်ပါသော်လည်း ယုန်ကလေးကြောင်ကလေးကိုမျှ မရ။ ဤသို့သော အကုသိုလ်ကံသည် ကာယကံ မည်-မမည် မေးငြားအံ့၊ မမည်ဟူ၍ ဖြေအပ်၏။ အဘယ်ကြောင့်ဆိုသော်- ကမ္မပထသို့ မရောက်သောကြောင့်တည်း။ (ကိုယ်ဖြင့် ၀ါ- ကာယဒွါရဖြင့် ပြုအပ်သော မကောင်းသော အမူအကျင့်များ ဖြစ်သောကြောင့် ကာယဒုစရိုက်ဟူ၍ကား ခေါ်နိုင်၏။)
    သို့ရာတွင် ထိုတောမုဆိုးအား သတ္တ၀ါတို့ကို သတ်လိုသော သေကြေပျက်စီးစေလိုသော စိတ်ဖြစ်သောကြောင့် (ဗျာပါဒ) မနောကံကား ဖြစ်၏။ (ဤကား မနောကံ၏ ကာယဒွါရ၊ ၀စီဒွါရအဆင့်သို့ ရောက်ပုံတည်း။)
    အချုပ်အားဖြင့် ကာယကံသည် ကာယဒွါရ၊ ၀စီဒွါရတို့၌ ဖြစ်၏။ မနောဒွါရ၌ မဖြစ်။
    မနောကံသည်ကား ဒွါရသုံးပါလုံး၌ ဖြစ်၏-ဟု မှတ်သားသင့်ပါသည်။
    အနည်းငယ် ထပ်ရှင်းရလျှင် -- လူတစ်ယောက်သည် ကိုယ်တိုင် ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသု မိစ္ဆာစာရတို့ကို ပြုသည်ဆိုပါစို့၊ ထိုသူ၏ ပါဏာတိပါတစသော ကံများသည် ကာယကံမည်၏။ ဒွါရအားဖြင့်လည်း ကာယဒွါရ၌ ဖြစ်၏။ ထိုသူအား ထိုအကုသိုလ်ကံများ ပြုရာတွင် ပါဝင်သော အကုသိုလ်စိတ်တို့နှင့်အတူ (မနောကံထဲက) အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ-တို့လည်း ပါဝင်နိုင်၏။ သို့ရာတွင် ထိုအဘိဇ္ဈာ-စသည်တို့ကို မနောကံ-ဟု မခေါ်ရ၊ စေတနာ၏ အသင်းအပင်းဝင်များသာ ဖြစ်၏။
    နှုတ်ဖြင့် “သွားလော့၊ ဤအမည်ရှိသောသူကို သတ်ချေလော့၊ ဤသို့သော ဥစ္စာကို ခိုးချေလော့” စသည်ဖြင့် စေခိုင်းရာ၌ ကံအားဖြင့် ကာယကံ မည်၏။ ဒွါရအားဖြင့် ၀စီဒွါရ၌ ဖြစ်၏။ ထိုကံပြုရာတွင် ပါဝင်သော အဘိဇ္ဈာစသည်တို့ကား စေတနာ၏ အသင်းအပင်းဝင်များသာ ဖြစ်သောကြောင့် မနောကံဟု မခေါ်ရပါ။
     အကြင်အခါ၌ အဘိဇ္ဈာနှင့်တကွဖြစ်သောစိတ်ဖြင့် ကိုယ်အင်္ဂါကို လှုပ်ရှားစေလျက် လက်ကိုကိုင်ခြင်း (လက်ဖြင့်ကိုင်ယူခြင်း) စသည်တို့ကို ပြု၏၊ ဗျာပါဒနှင့်တကွဖြစ်သောစိတ်ဖြင့် တုတ် လှံကန်ကို သုံးသပ်ကိုင်ယူခြင်း စသည်တို့ကို ပြု၏၊ မိစ္ဆာဒိဋ္ဌိနှင့် တကွဖြစ်သောစိတ်ဖြင့် “ကုမာရနတ် ပရမီသွာနတ် စသည်တို့သည် သုဂတိ ဒုဂ္ဂတိကို စီရင်တတ်သည်ဖြစ်၍ မြတ်ကုန်၏” ဟု ထိုနတ်တို့၌ ရှိခိုးခြင်း လက်အုပ်ချီခြင်း စသည်တို့ကို ပြု၏။ ထိုအခါ၌ ကံအားဖြင့် မနောကံဖြစ်၏၊ ဒွါရအားဖြင့် ကာယဒွါရ၌ ဖြစ်၏။ ဤကား မနောကံသည် ကာယဒွါရ၌ ဖြစ်ပုံတည်း။ ဤကာယဒွါရ၌ဖြစ်သောမနောကံတွင် ပါဝင်သော စေတနာကို ကာယကံဟု မခေါ်ရ။
    အကြင်အခါ၌ အဘိဇ္ဈာနှင့်တကွဖြစ်သော စိတ်ဖြင့် “သူတစ်ပါး၏ အကြင်ဥစ္စာများသည် ငါ့ဥစ္စာများ ဖြစ်လာပါမူ ကောင်းလေစွ” ဟု ဆို၍ သူတစ်ပါးပစ္စည်းဥစ္စာများကို တပ်မက်သောအားဖြင့် မိမိသို့ရှေ့ရှု ကြံစည်၏။ ဗျာပါဒနှင့်တကွဖြစ်သော စိတ်ဖြင့် “ဤသတ္တ၀ါတို့သည် သတ်အပ် နှောင်ဖွဲ့အပ်ကုန်မူကား ကောင်းလေစွ” စသည်ဖြင့် ပြောဆို၏။ မိစ္ဆာဒိဋ္ဌိနှင့်တကွဖြစ်သောစိတ်ဖြင့် “အလှူ၏ အကျိုးသည် မရှိ၊ ပူဇော်ခြင်း၏ အကျိုးသည် မရှိ” စသည်ဖြင့် ပြောဆို၏။ ထိုအခါ၌ ကံသည် မနောကံဖြစ်၏။ ဒွါရအားဖြင့် ၀စီဒွါရ ဖြစ်၏။ ဤကား မနောကံသည် ၀စီဒွါရ၌ ဖြစ်ပုံတည်း။ ထို၌ပါသော စေတနာကို ၀စီကံဟု မခေါ်ရ။
    အကြင်အခါ၌ ကိုယ်အင်္ဂါ နှုတ်အင်္ဂါတို့ကို မလှုပ်ရှားစေမူ၍ ဆိတ်ကွယ်ရာ၌ နေလျက် အဘိဇ္ဈာ-ဗျာပါဒ- မိစ္ဆာဒိဋ္ဌိနှင့်တကွဖြစ်ကုန်သော စိတ်တို့ကို ဖြစ်စေ၏။ ထိုအခါ၌ ကံသည် မနောကံဖြစ်၏။ ဒွါရလည်း မနောဒွါရပင် ဖြစ်၏။ ဤကား မနောကံ မနောဒွါရ၌ ဖြစ်ပုံတည်း။ ဤသို့ ကိုယ်အင်္ဂါ နှုတ်အင်္ဂါတို့ကို မလှုပ်ရှားစေမူ၍ စိတ်သက်သက်ဖြင့် ကြံစည်ရာကာလ၌ စေတနာသည်လည်းကောင်း စေတနာနှင့်ယှဉ်သော တရားတို့သည်လည်းကောင်း မနောဒွါရ၌သာလျှင် ဖြစ်ကုန်၏။ ဤသို့လျှင် မနောကံသည် ဒွါရသုံးပါးလုံး၌ ဖြစ်ပါသည်။
    “အဘယ်အဆင့်အထိ ကျူးလွန်မှ ကမ္မပထ မြောက်သည်ကို သိလိုပါသည်။”ဟူရာ၌ ကံတစ်ခုတိုင်းတွင် ကမ္မပထမြောက်ဖို့ ပြည့်စုံရမည့် အင်္ဂါများရှိပါသည်။ ထိုအင်္ဂါများ ပြည့်စုံမှ ကမ္မပထမြောက်ပါသည်။
    ထိုအင်္ဂါများကို မဖော်ပြခင် ရှင်းလင်းစွာ သိထားသင့်သည်တို့ကို ဦးစွာပထမ ဖော်ပြချင်ပါသည်။ ဗုဒ္ဓဘာသာဝင် အများစုသည် “စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ” ဟု ကြားဖူးနေကျအတိုင်း ကံဟုဆိုလျှင် စေတနာတစ်ခုတည်းကိုသာ မှတ်ထင်တတ်ပါသည်။
    အဋ္ဌသာလိနီအဋ္ဌကထာ ကမ္မကထာတွင် “ကိံ ပနေတံ ကမ္မံ နာမာတိ စေတနာ စေ၀ ဧကစ္စေ စ စေတနာသမ္ပယုတ္တကာ ဓမ္မာ။” (စေတနာနှင့် စေတနာနှင့်ယှဉ်သောတရားအချို့သည် ကံမည်၏) ဟု ဖွင့်ဆိုကာ စေတနာသမ္ပယုတ္တက ဓမ္မ = စေတနာနှင့်ယှဉ်သော တရားများအရ “ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ရှစ်ပါး၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ၊ အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ”- အားဖြင့် ၂၁-ပါးသော တရားတို့ကို ကောက်ပြထား၏။ ထို ၂၁-ပါးသည်လည်း ကံမည်၏။ ကံမြောက်၏-ဟု မှတ်သားသင့်ပါသည်။ (အဘိ၊ဋ္ဌ၊၁၊ ၁၃၀-၁၃၁)
    ဒုစရိုက် ၁၀-ပါးကို ကာယကံ၊ ၀စီကံ၊ မနောကံ-ဟု သုံးမျိုးခွဲခြားရာ၌ “ကာယဒွါရ၌ အဖြစ်များသောကြောင့် ကာယကံ-ဟု ခေါ်ခြင်းဖြစ်၏။ ကာယ၀ိညတ်ကို ကာယဒွါရဟု ခေါ်၏။ ၀စီဒွါရ၌ အဖြစ်များသောကြောင့် ၀စီကံ-ဟု ခေါ်၏။ ၀စီဒွါရဟူသည် ၀စီဝိညတ်တည်း။ မနောဒွါရ၌ အဖြစ်များသောကြောင့် မနောကံဟု ခေါ်၏။ မနောဒွါရ-အရ ဤနေရာ၌ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ-တို့နှင့် အတူတကွဖြစ်သော အကုသိုလ်ဇောစိတ်တို့ကို ယူရ၏။ (အကုသိုလ်ဇောစိတ်ကို ယူရာ၌ မောဟမူစိတ်ဖြင့် အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်သောကြောင့် လောဘမူ၊ ဒေါသမူဇောစိတ်ကိုသာ ယူ၊ ကုသိုလ်မနောကံအရာ၌ ကုသိုလ်ဇောစိတ်ကို မနောဒွါရ-ဟု ခေါ်၏။) (သင်္ဂြီုဟ်ဘာဋီ-၃၈၂)
    ကာယဒွါရ၌ အဖြစ်များသောကြောင့်သာ ကာယကံဟု ခေါ်ခြင်းဖြစ်ရကား အနည်းငယ်အားဖြင့် ၀စီဒွါရ၌လည်း ဖြစ်နိုင်သေး၏ဟု မှတ်ပါ။ ဥပမာ ပါဏာတိပါတကို ကိုယ်တိုင်ပြုလျှင် ကာယဒွါရ၌ ဖြစ်၏။ သူတစ်ပါးကို အသတ်ခိုင်းလျှင် ၀စီဒွါရ၌ ဖြစ်၏။ ထိုသို့ဝစီဒွါရ၌ ဖြစ်သော်လည်း ကာယကံဟု အမည်ပေးပြီးသား သတ်မှတ်ပြီးသားဖြစ်သောကြောင့် ၀စီကံဟုကား မခေါ်တော့ချေ။
    မနောကံ ၃ ပါးတို့၏ ကမ္မပထမြောက်နိုင်သည့် အဆင့်အနေအထားတို့ကို ဖော်ပြပါတော့မည်။
    သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်တတ်၊ မက်မောတတ်သော တဏှာလောဘသည် အဘိဇ္ဈာမည်၏။ (၁) သူတစ်ပါး၏ ပစ္စည်းဥစ္စာဖြစ်ခြင်း၊ (၂) မိမိသို့ စိတ်ဖြင့်ညွတ်စေခြင်း-ဟု ကမ္မပထမြောက်ကြောင်း အင်္ဂါနှစ်ပါးရှိ၏။ ထိုအဘိဇ္ဈာသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာ၌ လောဘဖြစ်ရုံ တပ်မက်ရုံမျှဖြင့် ကမ္မပထမမြောက်သေး။ “ထိုသူတစ်ပါး၏ ဥစ္စာသည် ငါ့ဥစ္စာဖြစ်လာပါမူ ကောင်းလေစွ”ဟု မိမိသို့ ညွတ်စေသော မတရားလောဘသည်သာ ကမ္မပထမြောက်၏။
    စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော ဒေါသသည် ဗျာပါဒမည်၏။ ထိုဗျာပါဒသည် သူတစ်ပါးတို့ ပျက်စီးစေခြင်းငှါ စိတ်ဖြင့်ပြစ်မှားခြင်း လက္ခဏာရှိ၏။ (၁) တစ်ပါးသောသတ္တ၀ါဖြစ်ခြင်း၊ (၂) ထိုတစ်ပါးသော သတ္တ၀ါ၏ ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်ခြင်းဟု အင်္ဂါနှစ်ပါးရှိ၏။ သာမန်ဒေါသဖြစ်ရုံမျှဖြင့် ကမ္မပထမမြောက်သေး၊ “ဤသူ့ကို သတ်ရပါမူ ကောင်းလေစွ၊ ဤသူ ပျက်စီးပါမူ ကောင်းလေစွ” ဟု တစ်ပါးသောသတ္တ၀ါ၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်သောအခါ ကမ္မပထမြောက်လေတော့၏။
    ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောအားဖြင့် မြင်တတ်သောအမြင်သည် မိစ္ဆာဒိဋ္ဌိမည်၏။ ထိုမိစ္ဆာဒိဋ္ဌိသည် “ပေးကမ်းလှူဒါန်းခြင်း၏ အကျိုးသည်မရှိ” စသည်ဖြင့် ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောအားဖြင့် မြင်ခြင်းလက္ခဏာရှိ၏။ (၁) ၀တ္ထု၏ ယူအပ်သောအခြင်းအရာမှ ဖောက်ပြန်သည်၏ အဖြစ်၊ (၂) ချွတ်ယွင်းဖောက်ပြန်မဟုတ်မမှန်သည်၌ မှန်သည်ဟု ထင်ခြင်း-ဟု အင်္ဂါနှစ်ပါးရှိ၏။ မိစ္ဆာဒိဋ္ဌိအမျိုးမျိုးရှိရာတွင် “နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ-အားဖြင့် နိယတမိစ္ဆာဒိဋ္ဌိကြီးသုံးပါးသာ ကမ္မပထမြောက်၏။ အခြားသောဒိဋ္ဌိများဖြင့် ကမ္မပထမမြောက်။ (အဘိ၊ဋ္ဌ၊၁၊ ၁၄၄)
    ဤမျှဖြင့် ပြည့်စုံလောက်ပြီဟု ထင်ပါသည်။
                                    အရှင်ကောဝိဒ (ယော)
                                      ဒေါသနှင့် အဒေါသ
          ဒေါသသည် မီးနှင့်တူပြီး အဒေါသ (မေတ္တာ)ကား ရေစင်ရေအေးကဲ့သို့ အေးမြပါသည်။ ဒေါသသည် ၎င်းမှီရာ ပုဂ္ဂိုလ်ကို လောင်ကျွမ်းခြင်းသဘောရှိပြီး အဒေါသသည် ၎င်းမှီရာ ပုဂ္ဂိုလ်ကို အေးချမ်းစေပါသည်။ ထို့ကြောင့် ဒေါသဖြစ်သူမှာ ရုပ်ရေကြမ်းတမ်း ခက်ထန်လာပြီး အဒေါသဖြစ်သူမှာ နူးညံ့သိမ်မွေ့လာပါသည်။ (ဤသို့ မှတ်သားထားပါသည်။)
          သို့သော် ဒေါသဟူသော မီးးသည် အဒေါသဟူသော ရေကိုပါ လောင်ကျွမ်းကုန်ဆုံးစေနိုင်သည်၊ ဒေါသကြီးမားသူသည် ဒေါသ၏ လောင်ကျွမ်းမှုကြောင့် ၎င်းကြိုးစား အားထုတ်ထားသော အဒေါသတရားများ ကို ကြာရှည်တည်တံ့အောင်မထိန်းနိုင်ဘဲ အကုသိုလ်တွေသာကြာရှည်စွာ အဖတ်တင်ရစ်ပါသည်ဟု ထပ်မံနာကြားရပါသည်၊ သို့ဆိုလျှင် အားထုတ်ထားသမျှ အဒေါသတရားများသည် အဟောသိကံဖြစ်သွား ရပါသလား။ (ဤသို့ သိချင်ပါသည်)။
                                                                             မောင်မောင်မြ (ရန်ကုန်)
          “ရဟန်းတို့ စေ့ဆော်အပ် အားထုတ်အပ် ပြုလုပ်အပ် ဆည်းပူးအပ်ကုန်သော ကံတို့၏ (အကျိုးကို) မခံစားရပဲ ကင်းပျောက်မှုကို ငါမဆို၊ ထိုအကျိုးကိုလည်း မျက်မှောက်ဘ၀၌သော်လည်းကောင်း၊ အခြားမဲ့ (ဒုတိယ) ဘ၀၌သော် လည်းကောင်း၊ နောက်ဘ၀အဆက်ဆက်၌သော်လည်းကောင်း ခံစားရ၏။ ရဟန်းတို့ စေ့ဆော်အပ် အားထုတ်အပ် ပြုလုပ်အပ် ဆည်းပူးအပ်ကုန်သော ကံတို့၏ (အကျိုးကို) မခံစားရပဲ ဆင်းရဲ ကုန်ဆုံးရန် ပြုနိုင်မှုကို ငါမဆိုသည်သာတည်း။” (အင်္ဂုတ္တိုရ်၊ ဒသကနိပါတ်၊ ကရဇကာယသုတ်) ဟူသော ဒေသနာအတိုင်း အကျိုးကို မခံစားရသေးပဲ ကင်းပျောက်သွားစရာ အကြောင်းမရှိပါ။
          အားထုတ်ထားသမျှ အဒေါသတရားများသည် အဟောသိကံ ဖြစ်မသွားပါ။ နောင်အခါ အကျိုးပေးခွင့် အချိန်တန်သည့်အခါ အကျိုးပေးဖို့ရန် သတ္တ၀ါတို့၏ ရုပ်နာမ်အစဉ်၌ သတ္တိထူးတစ်ရပ် ကျန်ရစ်ပါသည်။
          “ဒေါသကြီးမားသူသည် ဒေါသ၏ လောင်ကျွမ်းမှုကြောင့် ၎င်းကြိုးစား အားထုတ်ထားသော အဒေါသတရားများ ကို ကြာရှည်တည်တံ့အောင် မထိန်းနိုင်ဘဲ အကုသိုလ်တွေသာ ကြာရှည်စွာ အဖတ်တင်ရစ်ပါသည်” ဟူရာ၌ ဒေါသကြီးမားသူအဖို့ မှန်ပါသည်၊ ဒေါသကြီးမားသူသည် အဒေါသတရားများကို ကြာရှည်တည့်တံ့အောင် မထိန်းနိုင်သည်မှာ သဘာဝကျပါသည်။ သို့ရာတွင် ဒေါသဖြစ်သည့် အချိန်၌ အဒေါသများသည် ချုပ်ပျောက်သွားပြီးဖြစ်၏။ နောက်မှဖြစ်ပေါ်လာသော ဒေါသက ရှေ့ကဖြစ်ပျက်သွားပြီး ဖြစ်သော အဒေါသကုသိုလ်တရားများ လိုက်လံဖျက်ဆီးသည်မဟုတ်။ “အကုသိုလ်တွေသာ ကြာရှည်စွာ အဖတ်တင်ရစ်ပါသည်” ဟူရာ၌ သတိ သမာဓိ ပညာစသည် အားကောင်း-မကောင်းအလိုက် ထိုက်သည့်အားလျော်စွာ ကြာနိုင်ပါသည်။
လောကတွင် အချို့က လောဘကြီး၏။ အချို့က ဒေါသကြီး၏။ ဤသို့စသည်ဖြင့် အဋ္ဌကထာတွင် ပုဂ္ဂိုလ်အမျိုးအစား ရှစ်မျိုးခွဲပြထားပါသည်။ ထိုရှစ်မျိုးအကြောင်းကို အဋ္ဌသာလိနီအဋ္ဌကထာလာသည့်အတိုင်း ဖော်ပြပါမည်။
          “ဣမေသဥှိ သတ္တာနံ လောဘောပိ ဥဿန္နော ဟောတိ၊ ဒေါသောပိ မောဟောပိ အလောဘောပိ အဒေါသောပိ အမောဟောပိ။” (အဘိ၊ဋ္ဌ၊၁၊၃၀၈)
          “သတ္တ၀ါတို့၏သန္တာန်တွင် လောဘတရားများ ထူပြောများပြားနေသည်လည်း ရှိ၏၊ ဒေါသတရားများ မောဟတရားများ ထူပြောများပြားနေသည်လည်း ရှိ၏။ အလောဘ-အဒေါသ-အမောဟတရားများ ထူပြောများပြားနေသည်လည်း ရှိ၏။”
          “တံ နေသံ ဥဿန္နဘာဝံ ကော နိယာမေတိ။” (အဘိ၊ဋ္ဌ၊၁၊၃၀၈)
          “ထိုကဲ့သို့ လောဘ ဒေါသစသည် ထူပြောသည့်သတ္တ၀ါဖြစ်အောင်၊ လောဘကြီးသူဖြစ်အောင် ဒေါသကြီးသူဖြစ်အောင် မည့်သည့်တရားက သတ်မှတ်ပေးပါသနည်း”ဟူမူ…
          “ပုဗ္ဗဟေတု နိယာမေတိ” “ရှေးအတိတ်အကြောင်းတရားများက သတ်မှတ်ခြင်းဖြစ်၏။”
          “ကမ္မာယူဟနက္ခဏေယေ၀ နာနတ္တံ ဟောတိ။” “ကံကိုအားထုတ်စဉ်ခဏမှာကတည်းက အသီးသီး ကွဲပြားခြားနားခဲ့ခြင်းဖြစ်၏။” (မြန်မာပြန်သက်သက်သာ ဖော်ပြပါတော့မည်)
          (၁) အကြင်ပုဂ္ဂိုလ်၏ ကံကို အားထုတ်ခဲ့စဉ်ခဏ၌ လောဘသည် အားရှိ၏။ အလောဘသည် နုံ့၏။ အဒေါသ အမောဟတို့သည် အားရှိကုန်၏။ ဒေါသ မောဟတို့သည် နုံ့ကုန်၏။ ထိုသူ၏ နုံ့နည်းသော အလောဘသည် လောဘကို ကုန်စေခြင်းငှါ ၀ါ- အနိုင်ယူအံ့သောငှါ မတတ်နိုင်၊ အဒေါသ အမောဟတို့သည် အားရှိကုန်သည်ဖြစ်၍ ဒေါသ မောဟတို့ကို အနိုင်ယူအံ့သောငှါ စွမ်းနိုင်ကုန်၏။
          ထို့ကြောင့် ထိုသူသည် ထိုကံသည် ပေးအပ်သော ပဋိသန္ဓေဖြင့် ဖြစ်လတ်သော် လောဘကြီးသူ ဖြစ်၏။ ချမ်းသာစွာနေလေ့ရှိသူ အမျက်ဒေါသနည်းသူ ဖြစ်၏။ ပညာရှိသူ ၀ရဇိန်နှင့်တူသောဉာဏ်ရှိသူ ဖြစ်၏။
          (အနည်းငယ်ရှင်းရလျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ရှေးယခင်ဘ၀များက သုဂတိရောက်ကြောင်း ကောင်းမှုကုသိုလ်ပြုခဲ့ရာတွင် (ဂုဏ်ရှိလိုခြင်း၊ နာမည်ကြီးလိုခြင်း၊ ချမ်းသာလိုခြင်း စသောအကြောင်းများ ကြောင့်) လောဘသည် အားကောင်းစွာ ယှဉ်တွဲပါဝင်လျက်ရှိ၏။ လောဘအားကောင်းသဖြင့် အလောဘသည် အားနည်းလျက် ရှိ၏။ သို့ရာတွင် ထိုသူ၏ သန္တာန်၌ အဒေါသ (မေတ္တာ)တရားများ၊ ကံ ကံ၏အကျိုးကို ယုံကြည်သော အမောဟ (ပညာ) တရားများ အားကောင်းစွာ ဖြစ်ပွားလျက်ရှိ၏။ ထိုသူသည် ထိုကုသိုလ်ကံ အကျိုးပေးကြောင့် ဤလူ့ဘ၀ကို ရလာခဲ့သည်ဆိုပါက (ကုသိုလ်ပြုစဉ် လောဘယှဉ်ခဲ့သောကြောင့်) လောဘအားကြီးသူ ဖြစ်လာ၏။ (အဒေါသ အမောဟတို့ယှဉ်ခဲ့သောကြောင့်) ဒေါသနည်းသူ၊ ပညာကြီးသူ ဖြစ်လာ၏။ ထိုသူမျိုးသည် လောဘဖြစ်စရာ ကြုံလာလျှင်သာ မစောင့်စည်းနိုင်၊ မထိန်းချုပ်နိုင် ဖြစ်တတ်၏။ ဒေါသဖြစ်စရာ ကြုံလာလျှင်ကား အောင့်အည်းနိုင်သူ၊ ထိန်းချုပ်နိုင်သူဖြစ်၏။ လွယ်လွယ်နှင့် ဒေါသမဖြစ်တတ်။)
          ၂။ အကြင်ပုဂ္ဂိုလ်၏ ကံကိုအားထုတ်ခဲ့စဉ်ခဏ၌ လောဘ ဒေါသတို့သည် အားရှိကုန်၏။ အလောဘ အဒေါသတို့သည် အားနည်းကုန်၏။ အမောဟသည် အားကြီး၏၊ မောဟသည် နုံ့၏။ ထိုသူသည် လောဘကြီးသူ ဒေါသကြီးသူ ဖြစ်လာ၏။ ဒတ္တာဘယမထေရ်ကဲ့သို့ ပညာရှိသူ ၀ရဇိန်ပမာ ထက်မြက်သော ဉာဏ်ရှိသူ ဖြစ်လာ၏။
          ၃။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က လောဘ အဒေါသ မောဟတို့သည် အားကြီးခဲ့၏။ ဒေါသ အလောဘ အမောဟ-တို့သည် အားသေးခဲ့၏။ ထိုသူသည် လောဘကြီးသူ ဉာဏ်နည်းသူ ဖြစ်လာ၏။ ချမ်းသာစွာ နေရခြင်းရှိသူ အမျက်ဒေါသနည်းသူ ဖြစ်လာ၏။
          ၄။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က လောဘ ဒေါသ မောဟ သုံးမျိုးလုံး အားကြီးခဲ့၏။ အလောဘ အဒေါသ အမောဟတို့ အားနည်းခဲ့၏။ ထိုသူသည် လောဘလည်းကြီးသူ ဒေါသလည်းကြီးသူ မောဟလည်း ကြီးသူ ဖြစ်လာ၏။
          ၅။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က အလောဘ ဒေါသ မောဟ - တို့ အားကြီးခဲ့၏၊ လောဘ အဒေါသ အမောဟ - တို့ အားနည်းခဲ့၏။ ထိုသူသည် နည်းသောကိလေသာရှိသူ နတ်၌ဖြစ်သောအာရုံကိုသော် လည်း တွေ့မြင်သည့်တိုင် မတုန်လှုပ်သူ ဖြစ်လာ၏။ သို့ရာတွင် ဒေါသကြီးသူ ဉာဏ်ပညာ နုံ့နှေးသူ ဖြစ်လာ၏။
          ၆။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က အလောဘ အဒေါသ မောဟတို့ အားကြီးခဲ့၏။ လောဘ ဒေါသ အမောဟ-တို့ အားနည်းခဲ့၏။ ထိုသူသည် လောဘနည်းသူ ချမ်းသာစွာနေလေ့ရှိသူ ဖြစ်လာ၏။ သို့ရာတွင် ထုံထိုင်းသူ ဖြစ်လာခဲ့၏။
          ၇။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က အလောဘ ဒေါသ အမောဟတို့ အားကြီးခဲ့၏။ လောဘ အဒေါသ မောဟတို့ အားနည်းခဲ့၏။ ထိုသူသည် လောဘနည်းသူ ပညာကြီးသူ ဒေါသအမျက်ကြီးသူ ဖြစ်လာ၏။
          ၈။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က အလောဘ အဒေါသ အမောဟ သုံးမျိုးလုံး အားကြီးခဲ့၏။ လောဘဒေါသမောဟ သုံးမျိုးလုံး အားနည်းခဲ့၏။ ထိုသူသည် မဟာသံဃရက္ခိတမထေရ်ကဲ့သို့ လောဘနည်းသူ ဒေါသနည်းသူ ပညာဉာဏ်ကြီးရင့်သူ ဖြစ်လာခဲ့၏။
          အထက်ပါပုဂ္ဂိုလ် ရှစ်မျိုးတွင် အတိတ်ဘ၀ ကံကိုအားထုတ်ခဲ့စဉ်က ဒေါသယှဉ်တွဲပါဝင်ခဲ့သူသာ ဤဘ၀တွင် ဒေါသကြီးသူဖြစ်လာသဖြင့် မေတ္တာပွားနေသည့်တိုင် ဒေါသအလွယ်တကူ ၀င်ရောက်လာနိုင်ခြင်း ဖြစ်၏။
          “ရာဂသည် အပြစ် နည်း၏၊ ဖြည်းဖြည်း ကင်းပျောက်၏၊ ဒေါသသည် အပြစ်ကြီး၏၊ မြန်မြန် ကင်းပျောက်၏၊ မောဟသည် အပြစ်ကြီး၏၊ ဖြည်းဖြည်း ကင်းပျောက်၏” (တိကနိပါတ်၊ အညတိတ္ထိယသုတ်) ဟူသော ဒေသနာတော်အရ ဒေါသသည် အပြစ်ကြီးသော်လည်း မြန်မြန်ကင်းပျောက်ခြင်း သဘောရှိသောကြောင့် ဒေါသပြေပျောက်ဖို့ရာ ကြိုးစားအားထုတ်နိုင်ပါသည်။ ထိုသို့အားထုတ်ရာတွင်--
          “ငါ့ရှင်တို့ မဖြစ်ပေါ်သေးသော ဒေါသ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ဒေါသ တိုးပွါး ပြန့်ပြောရန်သော်လည်းကောင်း အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်းဟု အကယ်၍မေးခဲ့လျှင် “ဒေါသဖြစ်ကြောင်း အာရုံ (ပဋိဃနိမိတ်တည်း) ဟု ဖြေဆိုရာ၏။ ဒေါသဖြစ်ကြောင်းအာရုံ (ပဋိဃနိမိတ်) ကို မသင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဒေါသသည်လည်း တိုးပွါးပြန့်ပြော ရန် ဖြစ်၏။” ဟူသော ဒေသနာတော်အရ မဖြစ်ပေါ်သေးသော ဒေါသ မဖြစ်ရန်၊ ဖြစ်ပေါ်ပြီးသော ဒေါသ မတိုးပွားဖို့ရန် ဒေါသဖြစ်ကြောင်းအာရုံများကို မစဉ်းစားမိဖို့လည်း လိုပါသည်။
          “ငါ့ရှင်တို့ မဖြစ်ပေါ်သေးသောဒေါသ မဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ဒေါသ ပျောက်ကင်းရန်သော်လည်းကောင်း အကြောင်း အထောက်အပံ့ကား အဘယ်နည်း ဟု အကယ်၍ မေးခဲ့လျှင် “စိတ်၏ (ဗျာပါဒမှ) လွတ်မြောက်ကြောင်း မေတ္တာတည်း” ဟု ဖြေဆိုရာ၏။ စိတ်၏ (ဗျာပါဒမှ) လွတ်မြောက်ကြောင်း မေတ္တာကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသ သည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ဒေါသသည်လည်း ပျောက်ကင်း၏။ (တိကနိပါတ်၊ အညတိတ္ထိယသုတ်) ဟူသော ဒေသနာအရ မဖြစ်ပေါ်သေးသော ဒေါသများ မဖြစ်ပေါ်ရန်၊ ဖြစ်ပေါ်ပြီးသော ဒေါသများ ပျောက်ကင်းရန် မေတ္တာဘာဝနာကိုလည်း ပွားများရမည်ဖြစ်ပါသည်။
          ဤသို့ဖြင့် “ရဟန်းတို့ အမျက်မထွက်ခြင်း “အဒေါသ”သည် ရှိ၏၊ ယင်းအဒေါသသည် ကုသိုလ်၏ အကြောင်းရင်းတည်း။ အမျက်မထွက်သောသူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်း အားထုတ်မှုသည်
ကုသိုလ်တည်း။ အမျက်မထွက်သူသည် အမျက်ထွက်ခြင်း “ဒေါသ” မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့် သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်း ဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ၀တ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို မဖြစ်စေ။ ယင်းသို့ မဖြစ်စေခြင်းသည်လည်း ကုသိုလ်မည်၏။ ဤသို့လျှင် အဒေါသကြောင့် ဖြစ်ကုန်သော အဒေါသလျှင် အကြောင်းရင်း ရှိကုန်သော အဒေါသလျှင်ဖြစ်ကြောင်း ရှိကုန်သော အဒေါသလျှင် အထောက်အပံ့ ရှိကုန်သော မြောက်မြားစွာသော ဤကုသိုလ်တရားတို့သည် ထိုသူအား ဖြစ်ကုန်၏။ (အင်္ဂုတ္တိုရ်၊ တိကနိပါတ်၊ အကုသလမူလသုတ်) ဟူသော ဒေသနာတော်နှင့်အညီ ကုသိုလ်တရားများ ဖြစ်ပွားနိုင်ကြပါသည်။
                                                                             အရှင်ကောဝိဒ (ယော)
by http://www.dhammaweb.net မှတဆင့်ကူးယူဖော်ပြလိုက်ရပါသည်။
No comments:
Post a Comment