ဗျာဒိတ်တော်ခံယူခန်း
လွန်ခဲ့သောကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရဘုရားရှင် ခေမာမိဂဒါဥယျာဉ်၌ သီတင်းသုံးနေစဉ် ဝေဒေဟသူဌေးကြီးနှင့် ဇနီးတို့ ခဲဖွယ်ဘောဇဉ်များကို လှူဒါန်းကာ ဥပုသ်သီလဆောက်တည်၍ ဘုရားရှင်နှင့်တကွ သံဃာတော်ခြောက်သောင်းတို့အား ဆွမ်းဘုန်းပေးကြွရောက်ရန် အိမ်သို့ပင့်ဖိတ်ပြီး ပြန်ခဲ့လေသည်။ ထိုကဲ့သို့ ခုနှစ်ရက်တိုင်အောင်ဆက်ကပ်လှူဒါန်းပြီး ပဒုမုတ္တရဘုရားရှင်၏ ခြေတော်အစုံကို ဦးတိုက်၍ မိမိအလိုရှိသော ဆု.... “ဤသို့ ခုနှစ်ရက်ပတ်လုံးပြုလုပ်ခဲ့သော ကုသိုလ်စေတနာကြောင့် အရှင်နိသဘမထေရ်ကဲ့သို့ ဓုတဓရ ဧတဒဂ္ဂ တတိယသာဝကဘွဲ့ထူး များကို ချီးကျူးမြှောက်စား တော်မူပါဘုရား” ဟု လျှောက်ထားတောင်းပန်လိုက်သည်။ ထိုအခါ ပဒုမုတ္တရဘုရားရှင်သည် ဝေဒေဟသူဌေးကြီး၏ သဒ္ဓါတရားကို စောင့်ရှောက်သောအားဖြင့်.... “ဝေဒေဟသူဌေးကြီး.... ဤကမ္ဘာမှနောက်ကမ္ဘာတစ်သိန်းမြောက် ဘဒကမ္ဘာ၌ ဂေါတမဘုရား ပွင့်တော်မူလတ္တံ့၊ ထိုအခါ သင်သည် ဂေါတမ ဘုရား၏ သာသနာတော်၌ မဟာကဿပမည်တော်ရ၍ ဓုတဓရ ဧတဒဂ်ရ တတိယသာဝကကြီး ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်စကား မိန့်ကြားလိုက်သည်။
ထိုသို့ဗျာဒိတ်တော်ရအပြီး နေ့စဉ်နှင့်အမျှ ဒါန၊ သီလ၊ ဘာဝနာ၊ မေတ်္တာတရားများပွားများ၍ အသက်အတိုင်းနေပြီး စုတေသောအခါ နတ်ပြည်၊ လူ့ပြည် လှည့်လည်ကာ ဖြစ်ကြလေသည်။
(၁) ကိုးဆယ့်တစ်ကမ်္ဘာလွန် ၀ိပဿီဘုရားလက်ထက်၌ ဧကသာဋကပုဏ္ဏား အဖြစ်
(၂) ကောဏဂုံဘုရားနှင့်ကဿပဘုရားနှစ်ဆူကြားတွင်သူဌေးကြီးအဖြစ်
(၃) ကဿပဘုရားလက်ထက်တွင် ကုဋေ(၈၀)ကြွယ်ဝသော သူဌေးကြီးအဖြစ်
(၄) ဗာရာဏသီပြည်၌ နန်္ဒိယမင်းကြီး အဖြစ်
(၅) ဂေါတမဘုရားထင်ရှားဖြစ်လာသောအခါ မာဂတိုင်း၌ ကဿပနွယ်ဖြစ်သော မင်းပုဏ္ဏား၏သားငယ် ပိပ္ပလိ အဖြစ် ဖွားမြင်ခဲ့သည်။ အရွယ်ရောက်သောအခါ မန္ဒရာဇ်တိုင်း သာဂလမြို့မှ ဘဒ္ဒကာပိလာနီ နှင့် မိဘတို့၏သဘောအတိုင်း အိမ်ရာထူထောင်ခဲ့သည်။
တောထွက်ခန်း
မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တနေ့သ၌ ဇနီးမောင်နှံနှစ်ဦးစလုံးသည် “ရဟန်းပြုအံ့၊ ရဟန်းမ ပြုအံ့”ဟု အကြံရလျှက် ရှိသမျှ စည်းစိမ်ဥစ်္စာအားလုံး ကိုစွန့်လွတ်၍ တစ်ဦးကိုတစ်ဦးဆံချပေးပြီး ဖန်ရည်စွန်းသောသင်္ကန်းကိုဝတ်ရုံ၍ တောထွက်ကြလေသည်။ ထိုသို့ တောထွက်လာကြပြီးနောက် တောမြိုင်တခု၌ လမ်းဆုံတခုတွေ့ရာ ပိပ္ပလိက လက်ယာဘက်လမ်း မယ်ဘဒ္ဒါက လက်ဝဲလမ်းကိုလိုက်၍ ခွဲခွာလိုက်ကြသည် ထိုခွဲခွာပြီးသည်နှင့် တပြိုင်နက် မြေပြင်သည်ပဲ့တင်တုန်ဟီး၍ ကောင်းချီးပေးခဲ့သည်။
ဂေါတမမြတ်စွာဘုရားနှင့် တွေ့ခန်း
ဘုရားရှင်သည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး တော်မူနေစဉ် ပါရမီရှင်နှစ်ဦး လမ်းခွဲသဖြင့် ပဲ့တင် တော်လဲမြေပြင်တုန်ဟီး၍ ကောင်းချီးပေးသံကို ကြားရပြီး ဆင်ခြင်တော်မူရာ ပိပ္ပလိ၏ပါရမီအဟုန်ကို သိမြင်တော်မူ လေသည်။
“ပိပ္ပလိလုလင် ရဟန်းပြုလာခြင်းသည်ငါဘုရား၏ သာသနာအတွက် အားကိုးထိုက်သူ၊ ငါဘုရားနှင့်အတူ ထား၍ ချီးမြှောက်ထိုက်သူဖြစ်လတ္တံ့”
ဟု သိတော်မူ၍ ရာဇဂြိုလ်ပြည်နှင့် နာလန္ဒမြို့ ကြား ဗဟုပုတ္တကညောင်ပင်ရင်း၌ ရောင်ခြည်တော် ခြောက်သွယ်ကို ကွန့်မြူးလျက် စောင့်စား နေတော်မူသည်။
ပိပ္ပလိလုလင်သည် ဘုရားရှင်ကို မြင်ရသောအခါ
“ဤအရှင်ကား သုံးလောက၌ အတု မရှိသော ဘုရားရှင်သာ ဖြစ်ရပေမည်၊ ဤဘုရားအား ရည်မှန်း၍ ငါရဟန်းပြု လာခဲ့ပေသည်”
ဟု ကြည်လင်သောစိတ်ဖြင့် လက်စုံမိုးလျက်
“သတ္တာ မေ ဘန္တေ ဘဂ၀ါ သာဝကော ဟိမသ်္မိ .... ဘုန်းတော် ကြီးမြတ်သော မြတ်စွာဘုရား အရှင်ဘုရားသည် တပည့်တော်၏ဆရာဖြစ်ပါသည်ဘုရား...တပည့်တော်သာဝက ဖြစ်ပါသည်ဘုရား”
ဟု လျှောက်ထားသည်။
ထိုအခါ ဘုရားရှင်က မိဘမျိုးရိုးတို့၏ဂုဏ်နှင့်ပြည့်စုံသော အမည်ကိုခေါ်လို သည်ဖြစ်၍ ...
“ချစ်သားကဿပ ငါဘုရားသာသနာတွင် နေလော့ . .. သင့်အား လောကုတ္တရာအမွေကို ငါပေးဝေအံ့” ဟု မိန့်တော်မူလျက်....
“ချစ်သားကဿပ သင်သည် မြတ်သောအမျိုးဇာတ်ကြောင့် မာန် မာနကြီးခဲ့သူဖြစ်၏၊ ထို့ကြောင့် အရွယ်ကြီး၊ ငယ်၊ လတ် ဖြစ်သော သီတင်း သုံးဖော်တို့၌ ပြင်းပြသောရှက်ကြောက်ခြင်း ရှိစေရန် ကျင့်သုံးအပ်၏” ...
“ကဿပ သင်သည် အကြားအမြင် ဗဟုသုတ ပေါများလှသူဖြစ်၏၊ ထို့ကြောင့် သူတော်ကောင်း တရားကို ကြားနာရသောအခါ ကြားရ၊ နာရ သမျှကို တစ်လုံးမကျန် နားစိုက်၍ နှစ်နှစ်ခြိုက်ခြိုက် နာကြားနိုင်ရန် ကျင့်သုံးအပ်၏”....
“ကဿပ သင်သည်ရုပ်ရည်ရူပကာ လှပတင့်တယ်သူဖြစ်၍ မိမိကိုယ်ကို ပြန်သာယာတတ်၏၊ ထို့ကြောင့် သုခနှင့်တကွဖြစ်သော ကာယဂတာသတိကို မစွန့်မခွာနေနိုင်ရန် ကျင့်သုံးအပ်၏” ဟူသော သြ၀ါဒပါတိ မောက်ဂါထာ သုံးပုဒ်ကို ဟောတော်မူ၍ မြင့်မြတ်သောရဟန်း အဖြစ်သို့ ရောက်စေတော်မူ ခဲ့လေသည်။
မှတ်ချက် ။ ။ ရဟန်းပြုခြင်း ဥပသမ္ပဒ ရှစ်မျိုးတွင် ဤသာသနာတော်၌ ရှင်မဟာကဿပတစ်ပါးသာ သြ၀ါဒပဋိဂ္ဂဟဏုပသမ္ပဒါ သြ၀ါဒခံယူရုံမျှဖြင့် ရဟန်းဖြစ်ခဲ့ရပါသည်။
မတ်စွာဘုရားရှင်နှင့် ဒုကုဋ်သင်္ကန်းကြီး လဲလှယ်ခန်း
ရှင်မဟာကဿပ ရဟန်းဖြစ်ပြီးနောက် ဘုရားရှင်နှင့်အတူ ဝေဠုန်ကျောင်းသို့
ပြန်ကြွတော်မူလာရာ လမ်းခရီး၌ ဘုရားရှင်နားလို သည်ကိုသိ၍ ပခုံးထက်တင်လာသော
ကမ္ဒာလာဒုကုဋ်ကို လေးထပ်ခေါက်၍ ခင်းပေးတော်မူသည်။
မြတ်စွာဘုရားရှင်ကလည်းထိုင်ရင်း၊ သင်္ကန်းကြီးအား လက်ဖြင့် သုံးသပ်လျက် . . .
“သင်၏ဒုကုဋ်သည် အလွန်နူးညံ့ပေစွ” ဟု ချီးမွမ်းတော်မူသည်။
ရှင်မဟာကဿပလည်း ဤဒုကုဋ်အား ငါလှူဒါန်းအံ့ဟု အကြံဖြစ်လျက် မြတ်စွာဘုရားရှင်အား လှူတော်မူသည်။ မြတ်စွာဘုရားကလည်း ပခုံးတော်ထက်မှ ပံသုကူဒုကုဋ် သင်္ကန်းကြီးကို ရှင်မဟာကဿပအား . . .
“အနာဂတ်သာသနာတော်တွင် ငါဘုရားကဲ့သို့ ရဟန်းများကို ဆုံးမရန် ကိုယ်စားတော်အရာ ထားသောအားဖြင့် . . . ” ပေးသနား တော်မူသည်။ ဤသို့ ချီးမြှင့် ခံရသူမှာ ဤသာသနာ၌ ရှင်မဟာကဿပ တစ်ပါးသာ ရှိခဲ့ဘူးသည်။
မှတ်ချက်။ ။ မြတ်စွာဘုရား ချီးမြှင့်သော ဒုကုဋ်မှာ သာမညသင်္ကန်း မဟုတ်၊ ပုဏ္ဏ ကျွန်မအလောင်းကောင်မှ ပိုးလောက်တဖွားဖွားဖြင့် မြတ်ဘုရားကိုယ်တိုင် ပံ့သကူကောက်ခဲ့စဉ်က မြေကြီးတုန်ဟီး ကောင်းချီးပေးခဲ့ရသော ၀ိသေသ သင်္ကန်းဖြစ်သည်။
ရှင်မဟာကဿပ ရဟန္တာ ဖြစ်ခန်းနှင့် ဧတဒဂ်ရခန်း
ထိုသို့ သင်္ကန်းချီးမြှင့်တော်မူပြီးသည့်နောက် ဝေဠုဝန်ကျောင်းတော်သို့
ရောက်သောအခါ ရှင်မဟာကဿပအား ဓူတင်တစ်ဆယ့်သုံးပါး အကျင့်တရားကို
ဟောကြားတော်မူလေသည်။ ရှင်မဟာကဿပသည် ပုထုဇဉ်အဖြစ်ခုနှစ်ရက်နှင့်
ရှစ်ရက်မြောက်သောနေ့ အာရုဏ်တက်လျှင် အရဟတ္တမဂ်ကို ပဋိသမ်္ဘိဒါလေးပါး၊
အဘိညာဉ်ခြောက်ပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်သည်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ချီးမြှောက်အပ်သော တပည့် ရဟန်းတို့အား ချီးမြှောက် ရာတွင် ရှင်မဟာကဿပ အလှည့်ကျသဖြင့်...
“ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကနံ ဓုတင်္ဂရာနံ ဘိက္ခူနံ ယဒိဒံ မဟာကဿပေါ”
“ရဟန်းတို့ ငါဘုရား၏တပည့်ရဟန်းများထဲတွင် ဓူတင်ဆောင်ရာ၌ ဤမဟာကဿပသည် အမြတ်ဆုံး၊ အသာဆုံးပေတည်း” ဟု ဓူတင်္ဂဧတင်္ဂကိုပေး၍ ဥရုဝေလကဿပ၊ နဒီကဿပ၊ ကုမာရကဿပ၊ ဂယာကဿပ လေးဦးတို့နှင့် ခြားနားစေရန် “တတိယသာဝက မဟာကဿပ”ဟူသော အမည်ကိုပေးလေသည်။
မှတ်ချက်။ ။ ဘန္ဒကာပိလာနီ ရဟန်းမမှာလည်း မိထွေးတော် ဂေါတမီတို့ ထံတွင် ဘိက္ခုနီလုပ်၍ အားထုတ်သဖြင့် ရဟန္တာထေရီမ ဖြစ်ကာ ဘုရားရှင်က ပုဗ္ဗေနိဝါသ အရာ၌ ဧတဒဂ်ထားတော်မူ လေသည်။
ဓုတင်ဆောင်ပုံအကျဉ်း
အရှင်မဟာကဿပမထေရ်ကြီးသည် ဓူတင်(၁၃)ပါးစလုံးကို အမြဲဆောင်တော်မူ၍ တော၌သာတရားဖြင့်နေသည်။ တစ်ခါတရံ နိရောဓ သမာပတ်ဝင်စား၍ ဆင်းရဲသားများကို အထူး ကယ်တင်တော်မူလေ့ ရှိသည်။
တစ်နေ့တွင် ရွာအတွင်းသို့ဆွမ်းခံကြွလာရာ နူနာသည်အား ချီးမြှောက် လို၍ ဆွမ်းကိုအလှူခံခဲ့ဖူးသည်။ ဆွမ်းလောင်းထည့်လိုက် သောအခါ ထိုနူနာသည် ၏ လက်ချောင်းများမှ သွေးပြည်ယိုစီး၍ ပုပ်ပွဆွေးမြည့်နေသဖြင့် သပိတ်ထဲမှာပင် လက်ချောင်း ပြတ်ကျန်ခဲ့သည်။
အခြား သူလိုကိုယ်လိုလူများ အဖို့ကား အူထွက်မတတ်အောင်ပင် ပျို့အန် ပေလိမ့်မည်။ သို့သော် တဖက်သားအကျိုးရှိ ကောင်းစားမည်ဆိုလျှင် အံ့ဖွယ်ချီးမြှောက်တော်မူသော အရှင်မဟာကဿပသည် ထိုအိမ်နံရံခြေ၌ ပင်ထိုင်၍ ဆွမ်းထဲမှလက်ချောင်းပြတ်ကို ဖယ်ကာ ဖယ်ကာဖြင့် မြိန်ယှက်စွာ ဘုဉ်းပေး တော်မူခဲ့သည်။
ရှင်မဟာကဿပ၏ သိမှတ်ဖွယ်ရာများ
“ရဟန်းတို့.... ကဿပသည် ကောင်းဆိုးယုတ်မြတ် ရတတ်သမျှသော
ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်၏၊ ရောင့်ရဲလွယ်ခြင်း၏ အကျိုးကျေးဇူးကိုလည်း
ဆိုလေ့ရှိ၏၊ ပစ္စည်းလေးပါးနှင့်ပတ်သက်၍ မသင့်လျော်သော အမူအကျင့်များကို
လည်းမကျင့်ပေ၊ မရသေးသော ပစ္စည်းကိုလည်း တောင်းတခြင်းမရှိ၊ ရပြီးသော
ပစ္စည်းလေးပါးကိုလည်း စွဲလမ်းမက်မောခြင်းမရှိပေ၊ ပစ္စည်းလေးပါးတို့ကို
လက်ခံသုံးစွဲ နေရခြင်းကိုပင် ဘေးဟုရှုမြင်တတ်၏၊ လွတ်မြောက်ရာကို ရှေ့ရှုသော
ဉဏ်ဖြင့်ဆင်ခြင်၍သာ သုံးဆောင် တတ်၏” (ကဿပသံယုတ်၊ သန္တုဌီသုတ်)
“ရဟန်းတို့ ..... လူတို့၏ စိတ်နှလုံးကို ချမ်းမြေ့စေတတ်သော ငွေလမင်းကြီးသည် ကောင်းကင်ထက်၌ လွတ်လွတ်လပ်လပ် သွား၍နေသကဲ့သို့ ကဿပသည် ကိုယ်ရောစိတ်ပါလွတ်လွတ် ကြီးခွာလျက် ဒါယကာ၊ဒါယိကာမ တို့ထံ ချဉ်းကပ်၏၊ နေ့စဉ်နှင့်အမျှဆွမ်းခံရောက်သော်လည်း သူ့အဖို့ အားလုံးအသစ်ချည်းသာ ဖြစ်သည်။ အကျွမ်းတ၀င်ခင်မင်ရင်းနှီးထားသော ဒါယကာ၊ ဒါယိကာမဟူ၍ မရှိပေ၊ ငါ့ဒါယကာ၊ ငါ့ဒါယိကာမ ဟူ၍ စွဲလမ်းခြင်းလည်း မရှိပေ...”
(ကဿပသံယုတ်၊ စန္ဒူမပသုတ်)
“ ကဿပ .... ရဟန်းတို့ကို ဆုံးမလော့ .....၊ ရဟန်းတို့အား တရားဟောကြားလော့ .....၊ ရဟန်းတို့ကို ငါဘုရားဆုံးမသကဲ့သို့ သင်လည်း ဆုံးမလော့....၊ ရဟန်းတို့အား ငါဘုရား ဟောကြားသကဲ့သို့ သင်လည်း ဟောကြားလော့ .....။
(ကဿပသံယုတ်၊ သြ၀ါဒသုတ်)
- ရှင်မဟာကဿပသည် ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူ ပြီးနောက်တွင် သုဘဒ္ဒရဟန်းကြီး၏ စကားကိုကြား၍ ဓမ္မသံဝေဂရကာ သတ္တမဏ္ဏလိုဏ်ဂူနီးတွင် ပထမ သံဂါယနာ တင်တော်မူခဲ့သည်။
-နောင်အနာဂတ်တွင် အာသောကမင်းသည် ဘုရားရှင်၏ ဓါတ်တော်များကို ဇမ္ဗူဒိပ် ကျွန်းအနှံ့ စေတီတည်ထားကိုးကွယ်နိုင်ရန် ဓါတ်တော်များကို စုစည်းပင့်ဆောင်ကာ ဓါတ်တော်တိုက်ခန်းများအတွင်း သိုမှီး သိမ်းဆည်း ခဲ့သည်။
ပရိနိဗ္ဗာန်စံခန်း
သက္ကရာဇ် (၁၈၆) အကျော်တွင် ရှင်မဟာကဿပမထေရ်ကြီးသည် ပုဗ္ဗေနိဝါသဉဏ်၊ အနဂတံသဉဏ်တော်တို့ကို ဖြန့်ကျက်၍ ဆင်ခြင်တော်မူရာ သလ္လာဝတီမြစ် (ယခုချင်းတွင်းမြစ်) အနောက်ဘက် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံးအတွင်း ရှင်မဟာကဿပတို့ ရသေ့ညီနောင်သုံးပါး တရားကျင့်ကြစဉ် ထားရှိခဲ့ကြသော “နောင်တော်ကြီး ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသောအခါ ကျွန်ုပ် အရှင်မဟာကဿပက သင်္ဂြိုလ်မှသာ တေဇောဓါတ် လောင်ကျွမ်းပါစေ၊ ကျွန်ုပ် အရှင်မဟာကဿပ ပရိနိဗ္ဗာန်စံဝင်ခဲ့သော နောင်တော်ငယ် အရိမေတ္တယျဘုရားက သင်္ဂြိုလ်မှသာလျှင် တေဇောဓါတ်လောင်ကျွမ်းပါစေ” ဟူသော ကတိသစ္စာအရ“နောင်တော်ကြီး ဂေါတမမြတ်စွာဘုရားနှင့် ထားခဲ့ သောကတိသည် ယခုအခါပြည့်စုံပြီးဖြစ်သည်။ နောင်တော်ငယ် (အရိမေတ္တယျဘုရား) နှင့်ထားသော ကတိသာ ကျန်နေပေသည်။ ငါ၏ခန္ဓာလည်း ယခုတေဇောဓါတ်မလောင်ကျွမ်းနိုင်သေး၊ အရိမေတ္တယျဘုရား ပွင့်သောအခါမှသာ တေဇောဓါတ်လောင်ကျွမ်းတော့မည်ကို သိသည်”
No comments:
Post a Comment