ဆိုမိန့်ဟုတ်ရာ၊ စဉ်းစားပါလော့၊ ခန္ဓာဘာရ၊
ဒွတ္တိံသကား၊ ယုယခင်မင်၊ စိန် ရွှေ ဆင်၍၊
ပြုပြင်ပိုက်ထွေး၊ နင်ကျွေးမွေးလည်း၊ အရေးမရောက်
သဲရေ မှောက်သို့၊ နင့်နောက်မပါ၊ နင်လိုရာကို၊
ဘယ်ခါမလိုက်၊ နင့်အကြိုက်နှင့် တိုက်ရိုက်ဖီလာ၊
ဆန့်ကျင်ပါခဲ့၊ ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊
တင့်တယ်ရွှန်းစို၊ နင်လှလိုလဲ၊ အအိုစာရင်း၊
သူကသွင်း၏။ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊
မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊
ဘေးရောဂါနှင့်၊ အခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏ ၊
နင့်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊
အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊
စီးပွားဥစ္စာ၊ ဥာတကကို၊ ဘယ်ခါမခွဲ၊
အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊
နင့်ကိုမထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊
နင်ဟိုက်နင်ခွေ၊ နင့်ကိုသေအောင်၊ ကျားမြွေခံတွင်း၊
အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏ ၊
လ-ရက်-စ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊
အနန္တ က၊ ဆုံးစပိုင်ပိုင်၊ ယခုတိုင်အောင်၊
နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျှို၊
ခန္ဓာကိုယ်ကို၊ မညိုညင်ရက်၊ စွဲလမ်းချက်ဖြင့်၊
မြိုက်နက်စုံဖျား၊ တော-သစ်-ကျားကို၊ မယ်ဖွားမိခင်၊
နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ဝိပ္ပလ်မှောင့်၍၊
ကြောင့်ကြောင့်ကြကြ၊ ပြုလှခဲ့ပြီ၊ ဘုရားသာသနာ၊
ခုအခါ၌၊ ပညာစက္ခု၊ ဘန်ဘန်ရှုလော့၊
ှုဥတုဂိမ္မာန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊
နေပူငွေ့ကြောင့်၊ ရေသွေ့ခန်းညား၊ အိုင်ပက္ကားဝယ်၊
ကျက်စားနေရ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ၊
သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊
သေကြဘို့သာ၊ နီးကပ်လာသို့၊ သူငါကစ၊
ရှိသမျှလည်၊ နေ့ညမလပ်၊ အစဉ်စပ်လျှက်၊
ဥပါဒ်-ဋ္ဌီ-ဘင်၊ မပြတ်နှင်၍၊ ပျော်ရွှင်စရာ၊
မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊
သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊
နီးကပ်လာ၏ ၊ ငါငါတက်ကြွ၊ မာန်မာနနှင့်၊
လောဘ-ဒေါသ၊ အစဖြာသား၊ ယုတ်မာစွာလှ၊
အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်ကွာအောင်၊
ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပါယ်ရွာ၊
နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့၊
လူ့ရပ်နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊
နိဗ္ဗာန်နကို၊ ရှစ်ဝမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊
ဆောလျင်ကပ်ခို၊ ရောက်ရလိုမူ၊ ထိုထိုပုည၊
ကုသလကို၊ နေ့ညမစဲ၊ လုလ္လသဲလော့၊
ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊
ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနဲ့၊
ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊
မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊
အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊
မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊
ထက်မြက်အဖျား၊ သင်တုံးသွားဝယ်၊ ပျားသဖွယ်ဟု၊
ဉာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍၊ ထောင်ချောက်
မြိုင်ကြား၊ သမင်များကို၊ သစ်-ကျားပုန်းအောင်း၊
အရချောင်းသို့၊ တောင်စောင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊
တိမ်းရှောင်တစ်ကိုယ်၊ တော-တောဆို၍၊ မဂ်ဖိုလ်မနှောင်း၊
အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းလွတ်ရဟု၊
ဗုဒ္ဓရွှေနှုတ်၊ ကြာကမုဒ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်
ထားသည်.............နင်ကားနင့်တွက်၊ ကျင့်တော့တည်း။
(ခန္ဓာဘာရ ဆိုသည်ကား = ခန္ဓာငါးပါးဟူသော ဝန်ထုပ်ဝန်ပိုးကြီးဟု
ဆိုလိုသည်။
တော-တော ဆိုသည်ကား = အနိစ္စတော-ဒုက္ခတော-အနတ္တတော-ရာဂ
တော-ဂန္တတော စသည် ဆိုလိုသည်။)
ကျေးဇူးတော်ရှင် အောင်မင်္ဂလာဆရာတော် ဘဒ္ဒ န္တရာဇိန္ဒ
ကျေးဇူးရှင် ဘုန်းဘုန်းဘုရား Ashin Karu Nya လမ်းညွှန်ချက်နှင့်အညီ ရှာဖွေကာတင်ပြပေးလိုက်ရသော အလွန်ကောင်းသော သံဝေဂကထာဆုံးမစာလေးပါ
No comments:
Post a Comment