မြတ်စွာဘုရား
လက်ထက်တော်က ပသေနဒီကောသလ မင်းကြီးဟာ ဆန်တစ်စိတ် (လေးပြည်)
ချက်ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။ ဟင်းကိုလည်း ဆန်တစ်စိတ်ချက်နဲ့
ညီမျှအောင် စီစဉ်ပေးရ ပါတယ်တဲ့။ တစ်နေ့မှာတော့
ထမင်းစားပြီးပြီးချင်း မြတ်စွာဘုရား ဆီထွက်ခဲ့ပါတယ်။ မြတ်စွာဘုရား
ဆီရောက် တော့ဦးချပြီး ထိုင်နေ လိုက်ပါတယ်။ သိပ်မကြာခင်မှာဘဲ
ထမင်းဆိပ်တက်ပြီး အိပ်ငိုက် နေပါတော့တယ် ဒီတော့ မြတ်စွာဘုရားက
“မင်းကြီး.... ထမင်းစားပြီး အပန်းလေးမဖြေခဲ့ ဘူးလား”လို့ မေးတော် မူပါတယ်။
ပသေနဒီ ကောသလ မင်းကြီးကလည်း “မှန်ပါဘုရား အပန်းမဖြေခဲ့ ပါဘူးဘုရား၊
တပည့်တော်မှာ ထမင်းစားပြီးတိုင်း ဒီလိုဒုက္ခ ကြုံရပါတယ် ဘုရား”လို့
ပြန်လျှောက်တော့ မြတ်စွာ ဘုရား ကလည်း “ဟုတ်တယ် မင်းကြီး အစားကြီးရင်
ဒီလိုပဲ ဆင်းရဲဒုက္ခ ရောက်ကြရတယ်။ အစားကြူးတဲ့ သူဟာ အနိစ္စ ဒုက္ခ အနတ္တ
တရားတွေကို နှလုံးမသွင်းနိုင်ဘူး၊ နှလုံးမသွင်းနိုင်ရင် အိုလို့မဆုံး
နာလို့ မဆုံး သေလို့မဆုံး ဖြစ်ရတယ်” လို့ဟောပြ ပါတယ်။ မြတ်စွာဘုရားက
ဆက်ပြီး အစာစား တဲ့အခါ အတိုင်းအရှည်ကို သိဖို့ ဂါထာလေး တစ်ပုဒ်ဟောပြ
ပေးပါတယ်။
မနုဇဿ သဒါ သတိမတော ၊ မတ္တံ ဇာနတော လဒ္ဓဘောဇနေ။ တနုကဿ ဘဝန္တိ ဝေဒနာ၊ သဏိကံ ဇီရတိ အာယုပါလယံ။
( သတိလည်းရှိ အတိုင်းအရှည်လည်း သိတဲ့သူဟာ ဝေဒနာကင်းခြင်း၊
ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်း၊ အသက်ရှည်ခြင်း အကျိုးသုံးပါး
ကိုရပါတယ်။) ဒါပေမယ့်ပသေနဒီ ကောသလမင်းကြီးဟာ အိပ်ချင်စိတ် များနေတဲ့အတွက်
မမှတ်နိုင်ပါဘူး။ တူဖြစ်သူ သုဒဿနကိုပဲ ဂါထာကိုရအောင် ကျက်ခဲ့ဖို့မှာခဲ့ပါ
တယ်။ တူဖြစ်သူ သုဒဿနက မြတ်စွာဘုရားကို “ဘယ်လိုလုပ်ရမလဲ” လို့
မေးပါတယ်။ မြတ်စွာဘုရားက “မင်းကြီးထမင်း သုံးဆောင်လို့
နောက်ဆုံးထမင်းလုတ် စားခါနီးမှာ ဒီဂါထာကိုရွတ်ပေးပါ”လို့မှာကြားပြီး
“မင်းကြီးက ဂါထာကိုကြား လို့ နောက်ဆုံး ထမင်းလုတ်ကို ဆက်မစား
တော့ဘူးဆိုရင် တစ်လုတ် စာလျှော့ချက်ပါ” လို့ မိန့်မှာလိုက်ပါတယ်။
တူဖြစ်သူလည်း မတ်စွာဘုရားမှာတဲ့ အတိုင်းမင်းကြီးပွဲတော် တည်တဲ့အခါ
အနားမှာထိုင်ပြီး နောက်ဆုံးအ လုတစားခါနီးမှာ ဂါထာလေးကို ရွတ်ရွတ်ပေးပါ
တယ်။ ဒီတော့မင်းကြီး ကလည်းစားမယ် ဟန်ပြင်ထားတဲ့
နောက်ဆုံးထမင်းလုတ်ကို မစားတော့ပါဘူး။ ဒီလိုနဲ့ ထမင်းတစ်လုတ်
တစ်လုတ်လျှော့လာလိုက်တာ ခန္ဓာကိုယ်ဝဖိုင့် နေရာကနေ ပိန်ပိန်လာပါတော့တယ်။
ခန္ဓာကိုယ် ပိန်ကျသွားတော့ မင်းကြီးလည်း တော်တော်စိတ် ချမ်းသာသွားပါတယ်။
အားရဝမ်းသာနဲ့ မြတ်စွာ ဘုရားဆီသွားပြီး “မြတ်စွာဘုရား
တပည့်တော်ခန္ဓာကိုယ် ပေါ့ပေါ့ပါးပါးနဲ့ ချမ်းချမ်း သာသာ ဖြစ်သွားပါပြီဘုရား၊
တောကစားထွက်ပြီး သမင်တွေကိုတောင် လိုက်ဖမ်းနိုင် ပါပြီဘုရား”လို့
လျှောက်ပြလိုက်ပါတယ်။
(ဓမ္မပဒ၊ ပသေနဒီကောသလမင်းဝတ္ထု)
မြတ်စွာဘုရား ဟောပြတဲ့ ဂါထာလေးကို မြန်မာလိုပြန်ပြောရင်-
သတိလည်းရှိမယ်၊ စားမယ့်အစားကို အတိုင်းအရှည်လည်းသိမယ်၊ ဒီအင်္ဂါနှစ်ချက် နဲ့ပြည့်စုံတဲ့သူဟာ---
၁။ ဝေဒနာကင်းခြင်းအကျိုး၊
၂။ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်းအကျိုး၊
၃။အသက်ရှည်ခြင်းအကျိုး သုံးမျိုးကိုရနိုင်ပါတယ်တဲ့။
ဒီဂါထာလေးရဲ့အဓိပ္ပါယ်ကို
မှတ်သားရလွယ်အောင် သဒ္ဓမ္မရံသီဆရာတော် ဘုရားကြီးက ဆောင်ပုဒ်ကလေး
စီပေးထားပါတယ်။ တိုင်းရှည်သိကာ၊ သုံးဆောင်တာ၊ သုံးဖြာ အကျိုးရသတည်း။
ဝေဒနာကင်း၊ ရွယ်တင်ခြင်း၊ မယွင်းသက်ရှည်သည်။
သတိလည်းရှိဖို့လိုသလို စားမယ့်အစားအစာကို အတိုင်းအရှည်သိပြီး
စားဖို့လည်းလိုပါတယ်။ သတိကတော့ ဝိပဿနာအားထုတ်တဲ့ နေရာမှတင် မဟုတ်ပါဘူး။
နေရာတိုင်းမှာ သတိကတော့ လိုနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် သတိရှိနေရင် အမှားနည်း
သလို သတိရှိနေတဲ့သူဟာ ကိုယ်စားမယ့် စားအစာကို အတိုင်းအရှည် သိပြီးလည်း
ဖြစ်နေတတ်ပါတယ်။ အတိုင်းအရှည်ကို သိတာက သူများသိပေးတာထက် ကိုယ့်ဟာကို
သိတာပဲအကောင်းဆုံးပါ။ ကိုယ့်အတိုင်းအရှည်ကို ကိုယ်ပဲအသိဆုံးမို့ပါ။
စားချင် တိုင်းစွတ်စားနေရင် ဝဝနေတော့မှာပါ၊ အဓိကကတော့
သတိရှိနေဖို့ပါပဲ။ အကျိုးတွေကတော့ လူတိုင်းလိုချင်နေတဲ့
အကျိုးတွေချည်းပါပဲ။ ဝေဒနာကင်းရင် ဘာပဲလုပ်လုပ် စိတ်ချမ်းချမ်းသာသာနဲ့
လုပ်ရပါတယ်။ အရွယ်တင်တာကလည်း အထူးပြောနေစရာ မလိုပါဘူး။
အရွယ်တင်ချင်လွန်းလို့ တချို့ဆို ဆေးရုံတွေ သွားပြီးတောင်
ပြုပြင်နေကြသေးတာပါ။ အသက်ရှည်တာကလည်း လူတိုင်း လိုချင်ကြတာပါပဲ။
စာရေးသူကတော့ ပိန်နေလို့ ဝအောင်,ပေါင်တိုးအောင် ကြိုးစား နေရတာ ဆိုတော့
ဝခြင်းရဲ့ဒုက္ခကို ကိုယ်တိုင်မခံစားရပါဘူး။ ဒါပေမယ့် ကိုယ့်မျက်စိရှေ့မှာ
ဝသူတွေရဲ့ဒုက္ခကို အမြဲတွေ့နေရတာပါ။ တချို့ဆို တစ်ယောက် ယောက်ကတွဲပေး
မှထိုင်နိုင်တာ၊ တစ်ယောက်ယောက်က ထူပေးမှထနိုင်တာ၊ ဝခြင်းရဲ့ဆိုးကျိုးတွေကို
ဆေးဆောင်းပါးတွေ ဖတ်ပြီးလည်း သိနေရတာပါ။ ခွဲစိတ်ပြီးတောင် ပိန်
အောင်လုပ်ကြရတာကို လည်းကြားသိရပါတယ်။ ပိန်နည်းမျိုးစုံကို ဆရာဝန်တွေ၊
ကျွမ်းကျင်သူတွေကလည်း ရေးပြနေကြတာပါပဲ။ ဒီတော့စာရေးသူလည်း
ကိုယ်စွမ်းနိုင် လောက်လေး မြတ်စွာဘုရား ဟောပြထားတဲ့ ပိန်နည်းလေးကို
ဓမ္မဒါနမျှဝေတာပါ။ ပသေနဒီကောသလ မင်းကြီးဟာ သူစားတဲ့ စားနှုန်းအရဆိုရင်
တော်တော်ဝတဲ့ပုံပါပဲ။ မြတ်စွာဘုရားစကား နားထောင်ပြီး လေ့ကျင့်
လိုက်တော့ တောကစားတောင် ထွက်နိုင်တဲ့အထိ ကိုယ်ရေစစ်သွားပါတယ်။
ပသေနဒီကောသလ မင်းကြီးကျတော့ တစ်လုတ်တစ်လုတ် လျှော့စားသလို
ချက်တဲ့အခါမှာလည်း တစ်လုတ်စာတစ်လုတ်စာ လျှော့လျှော့ချက်သွားတာပါ။
လျှော့စားရုံ သက်သက်ဆိုရင် ပိုတဲ့အလုတ်က ဘာလုပ်ရမှန်းမသိပါဘူး။
လျှော့ချက်တော့ ကုန်ကျ စားရိတ်လည်း သက်သာသွားပါတယ်။ ထမင်းလုတ်ဆိုပေမယ့်
ထမင်းနဲ့ညီမျှတဲ့ ဟင်းကိုပါ တွဲလျှော့ရမှာပါ။ ကုသိုလ်ဘက်က ကြည့်ရင်တော့
ပိုတာလေးတွေကို ငှက်ကလေးတွေ ကျွေးပေးလို့ လည်းရပါတယ်။
မြတ်စွာဘုရားရှင်က လျှော့တဲ့နေရာမှာ တခါတည်းအများကြီး
မလျှော့ခိုင်းပါဘူး၊ တစ်လုတ်စာပဲ လျှော့ခိုင်းတာပါ။ အများကြီးဆို
လျှော့ရခက်နေမှာ စိုးလို့ပါ။ ပသေနဒီကောသလ မင်းကြီးစားလို့ တစ်လုတ်ပဲ
ကျန်တော့ရင် သူ့တူ တော်မောင်က မြတ်စွာ ဘုရားဟောတဲ့ဂါထာ
လေးကိုဆိုပေးလိုက်တာပါ။ ဒီတော့ကိုယ်ကလည်း တစ်လုတ်အကျန်ကျရင်
ကိုယ်တိုင်ဆိုနိုင်ရင် ဆိုမဆိုနိုင်ရင် ပသေနဒီကောသလ မင်းကြီးလို
ကိုယ်တိုင်မကျက်ဘဲ ကိုယ့်ခင်ပွန်းကို ကျက်ခိုင်းပြီး သူ့ကို
ဆိုခိုင်းပေါ့။ ဒါဆိုခင်ပွန်းမှာ ဂါထာဆိုရတဲ့ကုသိုလ် နေ့တိုင်းရနေပါတယ်၊
ကိုယ့်ခင်ပွန်းကို ကုသိုလ်ပေးရာ လည်းရောက်ပါတယ်။ “
ကိုကိုရေ..ကုသိုလ်ပေးတာပါနော်၊ ဒီကုသိုလ်လေးကိုအမြဲယူပါနော်”
လို့ပြောထားလိုက်ရုံပါ ဂါထာမကျက် နိုင်ရင် လင်္ကာလေး ဆိုခိုင်းထားလည်း
ရပါတယ်။ ဒါပေမယ့် ဂါထာကတစ်ပုဒ် တည်းဆိုတော့ ကျက်ရတာလည်း မခက်ပါဘူး။
မြတ်စွာဘုရားကို ပူဇော်တဲ့အနေနဲ့ ကျက်ထားလိုက်တာ ကောင်းပါတယ်။ ဝနေတဲ့
ဇနီးထမင်းစားလို့ နောက်ဆုံးအလုတ် ရောက်တဲ့အခါ ခင်ပွန်းက ဂါထာနဲ့
လင်္ကာလေးကို ဆိုဆိုပေးဖို့ပါပဲ။ ဝနေတဲ့ဇနီး ပိန်မပိန်တော့မသိပါဘူး။
ခင်ပွန်းမှာတော့ ဂါထာရွတ်ပေးတဲ့ ကုသိုလ် လင်္ကာရွတ်ပေးတဲ့ ကုသိုလ်
နေ့တိုင်း ရနေတာတော့ အမှန်ပါပဲ။ ကိုယ့်ဇနီးကို တရားဟောပေး နေတယ်
လို့လည်းပြောလို့ရပါတယ်။ ဒါကရွတ်ပေးမယ့်သူရှိတဲ့သူ အတွက်ပါ။
မရှိတဲ့သူကတော့ နောက်ဆုံးအလုတ်မှာ ကိုယ့်ဟာကိုရွတ်ပြီး
လျှော့သွားရုံပါပဲ။ ကိုယ်တိုင်ရွတ်ရင်ကိုယ် တိုင်ကုသိုလ်ရမှာပါ။
ပိန်လည်းပိန်ကုသိုလ်လည်းရတာပါ။ လျှော့ရင်း လျှော့ရင်းနဲ့ ကိုယ်လိုချင်တဲ့
ခန္ဓာကိုယ် ရတဲ့အခါမှာတော့ အလျှော့ကိုရပ်လိုက်ရုံပါ။ အစားအသောက်ကို
သိပ်တပ်မက်လွန်း တာလည်း မကောင်းပါဘူး။ တစ်ခါတလေ မစားဖူးလို့စားတာပဲ
ကောင်းပါတယ်။ သက်တော်ရှည်ဆရာတော် ဘုရားကြီး တွေကိုကြည့်ရင် အစားအစာကို
အတိုင်းအရှည် သိတာလည်း တစ်ခုပါပါတယ်။ တစ်နေ့ကို ဆွမ်းတစ်ထပ်ပဲ
ဘုဉ်းနေတဲ့ ဆရာတော်တွေလည်း အများကြီးရယ်ပါ။ ဒီနေရာမှာ
အစားနဲ့ပတ်သက်လို့ အရှင်သာရိပုတ္တရာ ဟောပြထားတဲ့ ဂါထာလေးကိုလည်း
အာရုံပြုထားရအောင်ပါ။
စတ္တာရော ပဉ္စအာလောပေ၊ အဘုတွာ ဥဒကံ ပိဝေ။ အလံ ဖာသုဝိဟာရာယ၊ ပဟိတတ္တဿ ဘိက္ခုနော။
အဓိပ္ပါယ်ကတော့ တရားအားထုတ်နေတဲ့ယောဂီဟာ ထမင်းစားတဲ့အခါ လေးလုတ်ငါးလုတ်
လျှော့ပြီးစား ပါတဲ့။ လျှော့တဲ့ အစား,ရေကိုသောက်လိုက်ပါတဲ့။ ဒါဆိုတရား
အားထုတ်ရတာ ခန္ဓာကိုယ် ချမ်းချမ်းသာသာနဲ့ အဆင်ပြေပါတယ်တဲ့ ဒီဂါထာ
လေးကိုလည်း သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ဆောင်ပုဒ်လေး စီပေးထားပါတယ်။
စားနိုင်သည်မှ၊ ငါးလုတ်မျှ၊ လျှော့ချသုံးဆောင်ရာ။ လျှော့သည့်အစား၊ ရေကိုကား၊ သောက်ထားမျှတစွာ။ ဣရိယာပထ၊ များသုခ၊ မုချရမည်သာ။
ဂါထာလေးက တရားအားထုတ် နေတဲ့ယောဂီတွေကို ဟောပြပေးထားတာပါ။ တရားအားထုတ်
နေတဲ့အခါ အစား များရင် နေ့လည်(၁၂)နာရီ တရားမှတ်တဲ့ အခါကျတော့ အိပ်ငိုက်
နေတတ်ပါတယ်။ ဒါကြောင့် ထမင်းစားတဲ့ အခါ လေးလုတ် ငါးလုတ်လျှော့စားပြီး
ရေသောက်ဖို့ မိန့်မှာထားတာပါ။ ဒါပေမယ့် မြတ်စွာဘုရား လက်ထက်တော်က
လူတွေကတော့ ခန္ဓာကိုယ် သန်မာထွားကျိုင်းလို့ ပြဿနာမရှိပေမယ့်
ဒီခေတ်မှာတော့ ယောဂီ တစ်ယောက်အနေနဲ့ လေးလုတ် ငါးလုတ် လျှော့စားဖို့
မလွယ်လှပါဘူး။ အစားနည်းတဲ့ ယောဂီဆို ပိုတောင် မလွယ်ပါသေးတယ်။ ဒါကြောင့်
ကိုယ်နဲ့သင့်တော် သလောက် ပဲလျှော့ပြီး လျှော့တဲ့အစား ရေသောက်
လိုက်လို့လည်း ရပါတယ်။ အများကြီးလျှော့စားပြီး ညကျ
ဗိုက်ဆာနေပြန်ရင်လည်းအဆင် မပြေပါဘူး။ တရားအားထုတ်တဲ့ နေရာမှာတော့
ဗိုက်တင်း နေရင်လည်း အဆင်မပြေသလို ဗိုက်ရော့နေရင်လည်း
အဆင်မပြေပါဘူး၊ ယောဂီမှာတော့ အမှတ်သတိက ရှိပြီးသားဆိုတော့
အတိုင်းအရှည်က ကိုယ့်ဟာကို သိနေကြတာများပါ တယ်။ နောက်ဆုံးကျတော့
သတိပါပဲလေ။ သတိရှိနေရင် ဘယ်အရာမှ အလွန် အကျွံမဖြစ် တော့ပါဘူး။ ဒီလိုပါပဲ
သတိပါနေအောင် လေ့ကျင့်ယူရမှာပါပဲ။ နေရာတိုင်းမှာ သတိပါဖို့
ကျတော့မလွယ်လှပါဘူး၊ အချိန်ပြည့် တရားအားထုတ်နေတဲ့ ယောဂီတောင် သတိက
လွတ်သေးတာဆိုတော့ အပြင်မှာနေရတဲ့ သူတွေအဖို့တော့ သတိလွတ်နေတဲ့ အချိန်က
များနေမှာပါ။ ဒါပေမယ့် တတ်နိုင်သမျှ လေးတော့ သတိပါနေအောင် ကြိုးစားရမှာပါ။
ရိပ်သာဝင်တဲ့အခါ အထွေထွေ အမှတ်ကိုဖိအား ထုတ်ထားရင် အပြင်ပြန်
ရောက်တဲ့အခါ အများကြီး အထောက်အပံ့ပေးတာပါ။ အပြင်မှာ သတိနဲ့နေတတ် သွားတဲ့
သဘောလေးပါ။ သတိရှိနေရင် အမှားနည်းနေတော့ တာပါ။ တစ်ခါတလေ
တချို့အမှားတွေဟာ သတိလွတ်သွား လို့မှားကြတာပါ။ သတိပြန်ရ တဲ့အချိန်မှာ
အမှားကကျူး လွန်ပြီးသားဖြစ်နေပါပြီ၊ အဲဒီအခါကျမှ ကိုယ့်ကိုယ်ကို ယူကြုံးမရ
ဖြစ်ရတော့တာပါ။ ဒါကြောင့်သတိဟာ လူတိုင်းအတွက် သိပ်လို အပ်ပါတယ်။ ယောဂီတွေက
တရားဝင်တဲ့အခါ ထိုင်မှတ်နဲ့ စင်္ကြံမှတ်ကိုပဲ ဦးစား ပေးမှတ်ကြတာ
များပါတယ်၊ အထွေထွေ အမှတ်ကိုတော့ လျှော့ထားကြပါတယ်။ တကယ်တော့ အထွေထွေ
အမှတ်ဟာ ထိုင်မှတ်နဲ့ စင်္ကြံမှတ်ကို အများကြီး အထောက် အပံ့ပေးသလို
အပြင်ပြန်ရောက်တဲ အခါမှာလည်း သတိနဲ့နေတတ်အောင် လေ့ကျင့် သင်ကြားပေး
လိုက်တာပါ။ လက်တွေ့ဘဝထဲမှာ သတိနဲ့ နေတတ်ဖို့က သိပ်အရေးကြီးတာပါ။
ဘာပဲပြောပြော သတိရှိနေရင်အတိုင်း အရှည်ကို သိပြီးဖြစ်နေမှာပါ။ ဒီတော့
သတိရှိနေရင် စားချင်တိုင်း မစားတော့ပါဘူးလေ မှားချင်တိုင်း
လည်းမမှားတော့ ပါဘူးလေ။
ရဝေနွယ်(အင်းမ) http://yawainwe.com ကျမ်းကိုး ဣနြေ္ဒထက်ကြောင်းကိုးပါးတရားတော် သဒ္ဓမ္မရံသီရိပ်သာဆရာတော်။
|
No comments:
Post a Comment